ချစ်ပ် ထုတ်လုပ်ရေးကုမ္ပဏီ Nvidia ဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ထရီလီယံအထိ မြင့်တက်လာ ပြီး ဒေါ်လာ ၄ ထရီလီယံ တန်ကြေးရှိတဲ့ ကမ္ဘာ့ပထမဆုံး ကုမ္ပဏီလည်း ဖြစ်လာတယ်လို့ နိုင်ငံတာသတင်းတွေမှာ ဖော်ပြပါတယ်။ဉာဏ်ရည်တု(AI)နဲ့ ဆက်စပ်တဲ့ နည်းပညာထုတ်ကုန်တွေ ဝယ်လိုအား ဆက်တိုက်မြင့်တက်နေတာကြောင့် Nvidia ရဲ့ ရှယ်ယာတန်ဖိုးဟာ မနေ့က ဇူလိုင် ၉ ရက်မှာ အမေရိကန်ဒေါ်လာ ၁၆၄ ဒေါ်လာအထိ ရှိလာပါတယ်။

အမေရိကန်အခြေစိုက်ကုမ္ပဏီ Nvidia ဟာ ၂၀၂၃ ခုနှစ် ဇွန်လတုန်းက ပထမဆုံးအကြိမ် ဈေးကွက်တန်ဖိုး အမေရိ ကန်ဒေါ်လာ ၁ ထရီလီယံကို ရောက်ရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ဈေးကွက်တန်ဖိုးတွေ ဆက်တိုက်မြင့်တက်ခဲ့တာပါ။Nvidia ရဲ့ နောက်မှာ မိုက်ခရိုဆော့ဖ်က ဒေါ်လာ ၃ ဒသမ ၈ ထရီလီယံနဲ့ ဒုတိယနေရာက ရှိနေပြီး သူ့နောက်မှာ Apple, Amazon, Alphabet နဲ့ Meta တို့ ရှိနေပါတယ်။ChatGPT လို မျိုးဆက်သစ် AI မော်ဒယ်လ်တွေအတွက် ချစ်ပ် ၀ယ်လိုအားတွေ မြင့်တက်လာတာကြောင့် Nvidia ရဲ့ တန်ဖိုး ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။ဝက်(ဒ်)ဘုရှ် (Wedbush) Securities က နည်းပညာလေ့လာသူတစ်ယောက်က ဒါဟာ Nvidia အတွက် သမိုင်းဝင် အခိုက်အတန့်ဖြစ်တယ်လို့ ပြောခဲ့ပြီး ကမ္ဘာမှာ AI တော်လှန်ရေးအတွက် Nvidia ဟာ အခြေခံအုတ်မြစ်ပဲလို့ ဆိုပါ တယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြင်းထန်တဲ့ အကောက်ခွန်စစ်ပွဲကြောင့် Nvidia ရဲ့ ရှယ်ယာစျေးနှုန်းတွေ သိသိသာသာ ကျဆင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒါဟာ ထရမ့်ရဲ့ စီးပွားရေး မူဝါဒတွေကြောင့် စီးပွားရေးကဏ္ဍ အများအပြားမှာ မငြိမ်မသက်တွေ ဖြစ်နေပေမယ့် AI ကဏ္ဍရဲ့ တိုးတက်မှု အပေါ်မှာ Wall Street ရဲ့ ယုံကြည်မှုလက္ခဏာပဲ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။Nvidia ရဲ့ အခုနှစ် ပထမ ၃ လပတ် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၁ ဘီလီယံရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ထက် ၆၉ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။