ထိပ်တန်းကွန်ပျူတာချစ်ပ်ကုမ္ပဏီ Nvidia ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် ဈေးကွက်ထဲ ကန့်သတ်ခံထားရတဲ့ ချစ်ပ်တွေအစား ဈေးသက်သာတဲ့ Blackwell နည်းပညာသုံး အေအိုင်ချစ်ပ်တွေကို တရုတ်အတွက် သီးသန့်ထုတ် လုပ်မယ်လို့ ကြေညာလိုက်တာကို The India Times သတင်းမှာ ဖော်ပြပါရှိပါတယ်။

ဒီချစ်ပ်အမျိုးအစားသစ်တွေရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၈၀၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရပြီး အရင် မော်ဒယ်တွေထက် သိသိသာသာဈေးနည်းတယ်လို့ ကုမ္ပဏီတာဝန်ရှိအကြီးအကဲတစ်ယောက်က ပြောပါတယ်။အမေရိကန်အစိုးရရဲ့ အေအိုင်ချစ်ပ်တွေ တရုတ်နိုင်ငံကို တင်သွင်းတာ ကန့်သတ်တဲ့ မူဝါဒကြောင့် Nvidia ကုမ္ပဏီ ဟာ လပိုင်းထဲမှာတင် ဒေါ်လာ ၅ ဘီလီယံခွဲ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ အညွှန်းကိန်းတွေက ဖော်ပြပါတယ်။ အမေရိကန်အစိုးရရဲ့ အဲဒီကန့်သတ်မှုတွေဟာ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်အေအိုင်နည်းပညာတွေကို စစ်ဘက်ရေး ရာမှာ ပေါင်းစပ်အသုံးချမှုကို ဟန့်တားဖို့ ရည်ရွယ်တာပါ။

ဘိုင်ဒန်အစိုးရလက်ထက်ကတည်းက ဒီချစ်ပ်ပြားတွေရဲ့ ပြည်ပတင်ပို့မှုနှုန်းတွေကို သတ်မှတ်ထားတာဖြစ်ပြီး မဟာမိတ် ၁၉ နိုင်ငံကို အကန့်အသတ်မရှိ ခွင့်ပြုထားပေမဲ့ တရုတ်နဲ့ ရုရှားကိုတော့ လုံးဝပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ အေအိုင်ချစ်ပ်တွေကို တရုတ်အတွက် သီးသန့်ထုတ် လုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ သူတို့ရဲ့ Blackwell ချစ်ပ်ဟာ ဒီဇိုင်းပိုင်းချို့ယွင်းချက်တွေ ရှိနေသေးပြီး ဒါတွေကို ပြုပြင်နိုင်ဖို့ ကြိုးစားဆဲလို့ စီအီးအိုကိုယ်တိုင်က ဝန်ခံပြောဆို ထားပါတယ်။ လောလောဆယ်တော့ ဒီဖွဲ့စည်းပုံဒီဇိုင်းကို အခြေခံပြီး အသစ်ထွက်မဲ့ ချစ်ပ်ဟာ ပိုကောင်းတဲ့ Processor တွေကို အသုံးပြုပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်အောင်နဲ့ ဈေးနှုန်း သက်သာအောင် ဦးတည်မယ်လို့ ဆိုပါတယ်။