တရုတ်နိုင်ငံဟာ ၂၀၃၀ မတိုင်ခင်မှာ သူတို့ရဲ့အာကာသယာဉ်မှူးတွေ လပေါ်ကိုပထမဆုံးအကြိမ်ဆင်းသက်နိုင်ဖို့အတွက် ပထမဆုံးစမ်းသပ်မှု ပြုလုပ်နေပါတယ်။ဒီစမ်းသပ်မှုဟာ တရုတ်နိုင်ငံရဲ့လူလိုက်ပါတဲ့အာကာသအစီအစဉ်အတွက် အရေးအကြီးဆုံးမှတ်တိုင်တစ်ခုဖြစ်ပါတယ်။

လပေါ်ကိုဆင်းမဲ့အာကာသယာဉ်ရဲ့အတက်အဆင်းစနစ်တွေကို ဟီပေပြည်နယ်က လမျက်နှာပြင်နဲ့တူအောင်ဖန်တီးထားတဲ့နေရာတစ်ခုမှာစမ်းသပ်ခဲ့တာပါ။ စမ်းသပ်မှုလုပ်တဲ့နေရာကို လပေါ်ကမြေသားလိုမျိုးအလင်းပြန်နိုင်အောင်အထူးပြုလုပ်ထားပြီး ကျောက်တုံးတွေ ချိုင့်ခွက်တွေနဲ့လည်းဖုံးအုပ်ထားပါတယ်။ဒီစမ်းသပ်မှုမှာ လုပ်ဆောင်ရတဲ့ အခြေအနေပေါင်းစုံပါဝင်တာ စမ်းသပ်ချိန်ကြာမြင့်တာနဲ့အဆင့်မြင့်ရှုပ်ထွေးတဲ့နည်းပညာတွေပါဝင်တဲ့အတွက် ဒီအောင်မြင်မှုဟာ အရေးပါကြောင်း တရုတ်အာကာသလေ့လာရေးအေဂျင်စီကထုတ်ပြန်ပါတယ်။လပတ်လမ်းနဲ့ လမျက်နှာပြင်အကြား အာကာသယာဉ်မှူးတွေကိုပို့ဆောင်ဖို့“လကိုပွေ့ဖက်ခြင်း”လို့နာမည်ပေးထားတဲ့ လန်းယူ ဆိုတဲ့ယာဉ်ကိုအသုံးပြုမှာပါ။

လပေါ်ရောက်တဲ့အခါမှာတော့ ဒီယာဉ်ဟာ အာကာသယာဉ်မှူးတွေအတွက်နေစရာ နေရာ၊ လျှပ်စစ်စွမ်းအင်ရင်းမြစ်နဲ့ အချက်အလက်ရနိုင်တဲ့ဗဟိုချက်အဖြစ်ပါဆောက်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ငါးနှစ်အတွင်းက လူမပါတဲ့ယာဉ်တွေနဲ့ လပေါ်ကိုအောင်အောင်မြင်မြင်စေလွှတ်နိုင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံဟာ လနဲ့နီးတဲ့နေရာနဲ့ ဝေးတဲ့နေရာက မြေသားနမူနာတွေကိုပါယူဆောင်နိုင်ခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်လာပါတယ်။၂၀၃၀ မတိုင်ခင် လူလိုက်ပါယာဉ်နဲ့ လပေါ်ကိုအောင်အောင်မြင်မြင်ဆင်းသက်နိုင်ခဲ့ရင်၂၀၃၅ လောက်မှာ နိုင်ငံတကာ လ သုတေသနစခန်းရဲ့အခြေခံပုံစံတစ်ခုကိုတည်ဆောက်မဲ့တရုတ်ရဲ့အစီအစဉ်ကို ပိုပြီးအထောက်အကူဖြစ်စေမှာပါ။ပြီးတော့ တရုတ်နဲ့ရုရှားတို့ ဦးဆောင်လုပ်တဲ့ လူသားတွေရှိတဲ့ဒီအခြေစိုက်စခန်းမှာလျှပ်စစ်စွမ်းအင်အတွက် လမျက်နှာပြင်ပေါ်မှာ နျူကလီးယားဓါတ်ပေါင်းဖိုတစ်ခုလည်းပါဝင်မှာဖြစ်ပါတယ်။