SoftBank Group ဟာ ကုမ္ပဏီဖောက်သည်တွေကို AI ဝန်ဆောင်မှုတွေပေးမယ့် ဖက်စပ်လုပ်ငန်းအသစ်ထူထောင်ဖို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် OpenAI နဲ့ ပူးပေါင်းလိုက်ပါတယ်။

OpenAI နဲ့ ပူးပေါင်းပြီး ကမ္ဘာပေါ်မှာ ပထမဆုံးအဖြစ် ကုမ္ပဏီကြီးတွေဟာ အဆင့်မြင့် AI ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ရတော့မှာဖြစ်ကြောင်း SoftBank Group ဥက္ကဋ္ဌက ပြောပါတယ်။ကုမ္ပဏီဖောက်သည်တွေကို AI ဝန်ဆောင်မှုတွေပေးမယ့် ဖက်စပ်လုပ်ငန်းအသစ်ထူထောင်ဖို့ အတွက် OpenAI CEO ဆမ်းအော့မန်(Sam Altman)နဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တယ်လို့ SoftBank Group ဥက္ကဌ မစ္စတာဆန်(Son)က ပြောပါတယ်။

အဲဒီဖက်စပ်လုပ်ငန်းမှာ နှစ်ဖက်စလုံးဟာ ပိုင်ဆိုင်မှု အညီအမျှရှိမှာဖြစ်ပြီး နောက်ဆုံးမှာ လူသားမပါဘဲနဲ့ လုပ်နိုင်တဲ့ AI အေးဂျင့်တွေနဲ့ မော်ဒယ်တွေကို တီထွင်နိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။AI ကို သူ့လုပ်ငန်းရဲ့ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် SoftBank Group က သတ်မှတ်ထားတာဖြစ်ပါတယ်။မစ္စတာ ဆန်(Son)က သူဟာ AI နဲ့ ဆက်စပ်နေတဲ့လုပ်ငန်းတွေမှာ အဓိက နယ်ပယ်သုံးခုဖြစ်တဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဒေတာစင်တာတွေ နဲ့ စက်ရုပ်တွေမှာ ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်ဖို့ စီစဉ်နေကြောင်း ပြောပါတယ်။