Twitter (အခု X) ကို တည်ထောင်ခဲ့သူ ဂျက်ဒေါ်ဆေးက နည်းပညာလောကကို အသစ်စက်စက် ပရောဂျက်တစ်ခုနဲ့ ပြန်လှုပ်ခတ်လိုက်ပါတယ်။

အဲဒါကတော့ အင်တာနက်လိုင်းရော၊ ဖုန်းလိုင်းပါမလိုဘဲ အချင်းချင်းစာပို့နိုင်မယ့် Bluetooth Messaging App ဖြစ်တဲ့ “ Bitchat” ပါပဲ။ ဒီ app ဟာ Wi-Fi မရှိ၊ Signal မရှိလည်း အနီးအနားမှာရှိတဲ့ Bitchat သုံးစွဲသူအချင်းချင်း Bluetooth ကနေတဆင့် တိုက်ရိုက်ချိတ်ဆက်ပြီး ကွန်ရက်တစ်ခုလို အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ဒီ app ရဲ့ အဓိကအားသာချက်ကတော့ Privacy ပါပဲ။ Bitchat ကိုသုံးဖို့ ဘာအကောင့်မှ ဖွင့်စရာမလိုသလို၊ ဖုန်းနံပါတ်၊ အီးမေးလ် စတဲ့ ကိုယ်ရေးကိုယ် တာ အချက်အလက်တွေကိုလည်း လုံးဝတောင်းခံခြင်းမရှိပါဘူး။ App ကို install လုပ်လိုက်တာနဲ့ ကျပန်းနာမည်တစ်ခုကို အလိုအလျောက်ရရှိမှာဖြစ်ပြီး ပို့လိုက်တဲ့စာတွေအားလုံးကိုလည်း end-to-end encryption နဲ့ လုံခြုံအောင် လုပ်ဆောင်ပေးထားပါတယ်။Bitchat ကို အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒါမှမဟုတ် ဖုန်းလိုင်းမမိတဲ့ အရေးပေါ်အခြေအနေတွေမှာ အဆက်အသွယ်မပြတ်စေဖို့ အဓိကရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတာပါ။

ဥပမာ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာတွေမှာ အလွန်အသုံးဝင်နိုင်တဲ့ ဆက်သွယ်ရေးကိရိယာတစ်ခု ဖြစ်လာနိုင်ပါတယ်။လက်ရှိမှာတော့ iOS အသုံးပြုသူတွေအတွက် App Store မှာ download ရယူနိုင်ပြီဖြစ်ပါတယ်။ Android သုံးသူတွေကတော့ GitHub ကနေတစ်ဆင့် ရယူရမှာဖြစ်ပြီး Google Play Store မှာရှိနေတဲ့ app အတုတွေကိုတော့ သတိပြုဖို့ Jack Dorsey ကိုယ်တိုင်က သတိပေးထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် Bitchat ဟာ အင်တာနက်ပေါ်မှာ မှီခိုမှုမရှိဘဲ လွတ်လပ်တဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုကို ရှာဖွေနေသူတွေအတွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာမှာ သေချာပါတယ်။