အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Tik Tok ကို ပိတ်ပင်မှု မပြုလုပ်ခင် နောက်ထပ် ရက်ပေါင်း ၉၀ သက်တမ်း ထပ်တိုးပေးသွားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

သမ္မတထရမ့်ဟာ Tik Tok ကို ဆက်လက်လည်ပတ်နိုင်ဖို့အတွက် နောက်ထပ်အမိန့်ကို လက်မှတ်ရေးထိုးသွားဖို့ ရှိတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလီဗစ်က မနေ့က ဇွန်လ ၁၇ ရက်မှာ ပြောခဲ့တာပါ။အမျိုးသားလုံခြုံရေးစိုးရိမ်မှုကြောင့် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ဟာ သူ့ရာထူးသက်တမ်းမပြီးဆုံးခင်မှာ Tik Tok ကို အမေရိကန်ကုမ္ပဏီတွေဆီ ရောင်းချဖို့ ဒါမှမဟုတ် လုံးဝပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ လမှာ ထရမ့်တက်လာပြီးနောက် Tik Tok ကို ပိတ်ပင်ဖို့ အချိန်ရွှေ့ဆိုင်း ပေးထားတာ ဖြစ်ပါတယ်။

အိမ်ဖြူတော်က ဒီလိုကြေညာအပြီးမှာ လေ့လာသုံးသပ်သူအချို့က ထရမ့်ရဲ့ သမ္မတသက်တမ်းအတွင်း Tik Tok ကို ပိတ်ပင်ဖို့ကိစ္စက ဆက်ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အမေရိကန်မှာ Tik Tok ကို အသုံးပြုသူ သန်း ၁၇၀ အထိ ရှိတာဖြစ်ပါတယ်။ Tik Tok ကို ဝယ်ယူဖို့အတွက် နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Oracle နဲ့ Reddit ရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဘီလီယံနာ ဖရန့်မက်ကော့တ် အပါအဝင် လုပ်ငန်းရှင် အများအပြားက စိတ်ဝင်စားနေပါတယ်။