အမေရိကန်အပါအဝင် တရုတ်အစိုးရရဲ့ ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ နိုင်ငံတွေက လူအချို့ရဲ့ စမတ်ဖုန်းတွေကို တရုတ်ဟက်ကာတွေက လျှို့ဝှက်ထောက်လှမ်းနေတဲ့ လက္ခဏာတွေကို မြင်တွေ့ခဲ့ရကြောင်း အမေရိကန် အခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ iVerify ရဲ့ ပြောကြားချက်ကို ကိုးကားပြီး AP သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်၊ ဥရောပနဲ့ အိန္ဒိယအပါအဝင် နိုင်ငံအချို့က အစိုးရအရာရှိတွေ၊ ဂျာနယ်လစ်တွေနဲ့ တက်ကြွလှုပ်ရှားသူ တွေရဲ့ စမတ်ဖုန်းတွေကို တရုတ်အစိုးရနဲ့ ချိတ်ဆက်ထားတဲ့ ဟက်ကာတွေက လျှို့ဝှက်ထောက်လှမ်းနေတာလို့ သတင်းက ဆိုပါတယ်။ဒီတိုက်ခိုက်ခံရတဲ့ လူတွေရဲ့ စမတ်ဖုန်းတွေမှာ ဆော့ဖ်ဝဲလ်တွေ ပြုတ်ကျတာလို ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို မြင်တွေ့ခဲ့ရပြီး ဒါဟာ တရုတ်ဟက်ကာတွေက ဒီလူတွေရဲ့ မိုလ်ဘိုင်းကိရိယာတွေထဲကို စိမ့်ဝင်ဖို့ ဆောင်ရွက်နေ တဲ့အတွက် ဖြစ်တာလို့ သိရပါတယ်။ဒီတိုက်ခိုက်မှုတွေဟာ ပစ်မှတ်ထားခံရတဲ့ လူတွေရဲ့ ဖုန်းဆက်သွယ်စကားပြောဆိုတာတွေကို ခိုးနားထောင်ဖို့နဲ့ မက်ဆေ့ချ်တွေကို သဲလွန်စမကျန်စေဘဲ ဖတ်ရှုနိုင်ဖို့ လုပ်တာလို့ ဆိုပါတယ်။

ဒီလိုထောက်လှမ်းခံရသူတွေအနေနဲ့ မိမိတို့ရဲ့ မိုလ်ဘိုင်းကိရိယာတွေ ဟက်ခ်ခံထားရတယ်ဆိုတာကိုတောင် မသိနိုင်ပါဘူး။ iVerify ရဲ့ တာဝန်ရှိသူ ကတော့ ကမ္ဘာကြီးဟာ အခုအချိန်မှာ မိုဘိုင်းလ်လုံခြုံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။iVerify ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကနေ အခု ၂၀၂၅ ခုနှစ်အတွင်းထိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ် ပြီး ဆော့ဖ်ဝဲလ်တွေ ပြုတ်ကျတဲ့ အချက်ကနေတစ်ဆင့် အလားတူ ဖြစ်သူတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။