စနစ်တကျ လိုက်နာဆောင်ရွက်တာမရှိဘဲ စည်းကမ်းဖောက်ဖျက်တဲ့ WiFi ကုမ္မဏီတွေအပေါ် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမှာဖြစ်ပြီး ခွင့်ပြုချက်မဲ့၊ စည်းကမ်းမဲ့သွယ်တန်းထားတဲ့ WiFi ကုမ္ပဏီတွေရဲ့ ကြိုးတွေကိုလည်း စိစစ်ရေးအဖွဲ့ တွေနဲ့ စစ်ဆေးပြီး တိုင်ပေါ်က ဖယ်ရှားရှင်းလင်းတာတွေလုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောပါတယ်။

ဇွန်လ ၉ ရက်က ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက “ရှုပ်ထွေးများပြား နေတဲ့ Wifi ကြိုးတွေ ရှင်းလင်းပြီး စနစ်ကျမှုရှိအောင် ဆောင်ရွက်ဖို့နဲ့ အလွယ်တကူ စည်းကမ်းမဲ့ကြိုးသွယ် တန်းနေတဲ့ Wifi ကုမ္ပဏီတွေကို ထိရောက်စွာ အရေးယူဖို့ ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာမှာ အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
တရားမဝင် သွယ်တန်းထားတဲ့ ကေဘယ်လ်တွေနဲ့ အသုံးမပြုတော့တဲ့ သက်မဲ့ကြိုးတွေဖယ်ရှားတာ၊ လျော့ကျ နေတဲ့ ကေဘယ်လ်ကြိုးတွေ တင်ပေးတာ၊ တိုင်ပြုပြင်တာနဲ့ အစားထိုးလဲလှယ်တာတွေ စတဲ့ လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာ အင်တာနက်ကုမ္မဏီတွေနဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့နဲ့ ပူးပေါင်းပြီး ရှင်းလင်းတာတွေလုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောပါတယ်။

ဒါ့အပြင် ဒီဂျစ်တယ်လ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံတွေ တည်ဆောက်ရာမှာ သတ်မှတ်စံညွှန်းတွေနဲ့အညီ ဖြစ်စေဖို့အတွက် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအပေါ် စနစ်တကျလိုက်နာစေဖို့အတွက် ကြီးကြပ်ဆောင်ရွက်နေပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေကလည်း ပူးပေါင်းဆောင် ရွက်နေတယ်လို့ပြောကြားခဲ့ပါတယ်။



