တရုတ်ရဲ့ သုတေသနပညာရှင်တွေက အသံထက် ၆ ဒသမ ၅၆ ဆ ပိုမြန်ပြီး တစ်နာရီကို မိုင်ပေါင်း ၅၀၀၀ ကျော် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့ လေယာဉ် နမူနာမော်ဒယ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း Tech explorers သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီလေယာဉ်ကို ၂၀၂၁ ခုနှစ်ကတည်းက စမ်းသပ်ပျံသန်းခဲ့တာပါ။

အဲဒီအချိန်တုန်းက လျှို့ဝှက်ထားခဲ့တာဖြစ်ပြီး အခုကျမှ တရုတ် အင်ဂျင်နီယာတွေက ထုတ်ပြောလာတာ ဖြစ်ပါ တယ်။ ဂိုဘီ သဲကန္တာရမှာ မိနစ် ၂၀ ကြာ စမ်းသပ် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ တရုတ် သိပ္ပံအကယ်ဒမီက အင်ဂျင်နီယာတစ်ယောက်ကတော့ အသံထက်မြန်တဲ့ လေယာဉ်တွေကို တည်ဆောက်ရတာ ခက်ခဲလှပါတယ်။ များစွာသော အင်ဂျင်နီယာ နည်းပညာရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရပါတယ်လို့ ပြောပါတယ်။

ဒီအောင်မြင်မှုကြောင့် မကြာတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့အရှေ့ဖျားနဲ့ အနောက်ဖျားကို နာရီပေါင်းများစွာ လေယာဉ်စီးပြီး သွားစရာ မလိုတော့ဘဲ နာရီ အနည်းငယ်နဲ့ သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီလို ခရီးသွားနိုင် ဖို့ အသံထက် မြန်တဲ့ လေယာဉ်တွေကို အပြိုင်အဆိုင် တိုးချဲ့တီထွင်နေကြရာမှာ တရုတ်နိုင်ငံကလည်း ရှေ့တန်းက ပြေးနေတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။