ကမ္ဘာ့ပထမဆုံး လူသားပုံစံစက်ရုပ်အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ လာမယ့် ဩဂုတ်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲမှာ လက်ဆင့်ကမ်းအပြေး၊ ကျွမ်းဘားနဲ့ကြက်တောင် အားကစားတွေ ပါဝင်မှာဖြစ်တယ်လို့ VnExpress သတင်းမှာ ဖော်ပြထားပါတယ်။

ပြိုင်ပွဲကို ခန်းမ ၂ ခုမှာ ခွဲကျင်းပသွားမှာဖြစ်ပြီး အဓိကပြိုင်ပွဲမှာ လူသားတွေရဲ့အားကစားတွေကို တုပထားတဲ့ ပြိုင်ပွဲ ၁၁ မျိုးအပြင် တစ်ကိုယ်တော်နဲ့အဖွဲ့လိုက် ကကွက်ဖျော်ဖြေမှုတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ စက်ရုပ်နည်းပညာတိုးတက်လာတာနဲ့အမျှ လူသားနဲ့စက်ရုပ် အတူယှဉ်တွဲနေထိုင်နိုင်မယ့် စိတ်ကူးကို မီးမောင်း ထိုးပြချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီအားကစားပြိုင်ပွဲကို ကျင်းပရတာဖြစ်တယ်လို့ ဘေကျင်းအားကစားဌာနက ပြောဆိုထားပါတယ်။ အဲဒီပြိုင်ပွဲမှာ အားကစားပြိုင်ပွဲတွေအပြင် စက်ရုပ်တွေရဲ့ လိုက်လျောညီထွေ စွမ်းဆောင် နိုင်မှု၊ ဉာဏ်ရည်နဲ့ လက်တွေ့လောကမှာ အသုံးဝင်မှု ရှိ မရှိကို စမ်းသပ်မယ့် လုပ်ငန်းတာဝန်တွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။