တရုတ်ပြည်မှာ မကြာသေးမီနှစ်တွေအတွင်းက လူသားဘောလုံးအသင်းကို စိတ်ဝင်စားသူ အများကြီး မရှိခဲ့ပေ မယ့် စက်ရုပ်ဘောလုံးအသင်းတွေကတော့ အားပေးတဲ့ ပရိသတ်တွေ ပိုများလာတယ်လို့ အေပီသတင်းမှာ ရေးသားဖော်ပြလာပါတယ်။ဒီစက်ရုပ်ဘောလုံးသမားတွေက အေအိုင်နည်းပညာနဲ့ ကိုယ့်ကိုယ်ကိုယ် အလုံးစုံ ထိန်းချုပ်လည်ပတ်နိုင်စွမ်း ရှိကြ တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၈ ရက် စနေနေ့ညက ပေကျင်းမြို့တော်မှာ စက်ရုပ်အသင်းလေးသင်းက တစ်ဖက်ကို ၃ ယောက်စီ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ကြပြီး ဒါက လာမယ့် ကမ္ဘာ့စက်ရုပ်အားကစားပြိုင်ပွဲကြီးအတွက် စံနမူနာ တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ဒီစက်ရုပ်ကစားသမားတွေကို Booster Robotics ကုမ္ပဏီက ပံ့ပိုးပေးခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့အဓိကအချက်က ပါဝင်ကစားတဲ့ စက်ရုပ်တွေဟာ အေအိုင်နည်းပညာနဲ့ ကိုယ့်ကိုယ်ကိုယ် အလုံးစုံထိန်းချုပ်လည်ပတ်နိုင်စွမ်းရှိတဲ့ အချက်ပဲလို့ ဆိုပါတယ်။

စက်ရုပ်တွေမှာ အဆင့်မြင့် မြင်လွှာအာရုံခံကိရိယာတွေ တပ်ဆင်ထားလို့ ဘောလုံးကို ရွေးချယ်အတည်ပြုနိုင်ပြီး ကွင်းထဲမှာ သွက်သွက်လက်လက် လှုပ်ရှားသွားလာနိုင်စွမ်းရှိတဲ့အပြင် လဲကျသွားရင်လည်း သူ့ဘာသာ ပြန်ထ နိုင်ပါတယ်။တရုတ်ပြည်ဟာ အေအိုင်အခြေပြုစက်ရုပ်တွေကို တီထွင်ထုတ်လုပ်ဖို့ ကြိုးပမ်းနေပြီး လက်တွေ့ကမ္ဘာရဲ့ စမ်းသပ် ကွင်းတွေအဖြစ် မာရသွန်၊လက်ဝှေ့နဲ့ဘောလုံးလို အားကစားပြိုင်ပွဲတွေမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။