Meta ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ဟာ လူသားတွေရဲ့စွမ်းရည်ကို ကျော်လွန်နိုင်တဲ့ အေအိုင် စနစ်တွေ ဖန်တီးဖို့ MSL လို့ခေါ်တဲ့ စူပါဉာဏ်ရည်ဓာတ်ခွဲခန်းကို လုပ်ဆောင်လိုက်ပါတယ်။ဇွန်လ ၃၀ ရက်မှာ မိတ်ဆက်ခဲ့တဲ့ ဒီစီမံကိန်းသစ်ဟာ ကုမ္ပဏီရဲ့အေအိုင်သုတေသနအဖွဲ့တွေနဲ့ ထုတ်လုပ်ရေး အဖွဲ့တွေကို ဌာနတစ်ခုတည်းအောက်မှာ စုစည်းလိုက်တာဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ရည်ရွယ်ချက်ကတော့ အဆင့်မြင့်တဲ့ အေအိုင်ဉာဏ်ရည်ကိရိယာတွေကို ဖန်တီးပြီး လူတိုင်းရဲ့လက်ထဲကို အရောက်ပို့နိုင်ဖို့ပါ။ Meta ကုမ္ပဏီရဲ့ အေအိုင်ဓာတ်ခွဲခန်းသစ်ကို အသက် ၂၈ နှစ်အရွယ်ရှိတဲ့ အလက်ဇန္ဒားဝမ်(Alexandra Wang)က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။အေအိုင်ရဲ့တိုးတက်မှုနှုန်းတွေ မြင့်လာတာကြောင့် စူပါဉာဏ်ရည်လို အေအိုင်တွေကို ဖန်တီးဖို့က တော်တော် လေးနီးစပ်လာနေပါပြီ။ ဒါဟာ လူသားမျိုးနွယ်အတွက် ခေတ်တစ်ခေတ်ရဲ့အစဖြစ်ပြီး Meta ကုမ္ပဏီ အနေနဲ့ ဒီကိစ္စမှာ ဦးဆောင်နိုင်ဖို့ လိုအပ်တာအားလုံး လုပ်ဆောင်သွားမယ်လို့ မာ့ခ်ဇူကာဘတ်က ပြောပါတယ်။

ဒီလုပ်ဆောင်မှုဟာ နည်းပညာနဲ့လူ့အဖွဲ့အစည်းရဲ့အနာဂတ်ကို ပြောင်းလဲပစ်နိုင်မဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်လို့လည်း ပြောပါတယ်။ကုမ္ပဏီရဲ့ စူပါဉာဏ်ရည်ကို စတင်လုပ်ဆောင်လိုက်တဲ့အချိန်ဟာ အမေရိကန်နည်းပညာကုမ္ပဏီတွေကြား ပြိုင်ဆိုင်မှုတွေ တိုးလာနေချိန်အပြင် တရုတ်နိုင်ငံနဲ့လည်း ပြိုင်ဆိုင်မှုတွေ တိုးလာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ဒီနှစ် ဇန်နဝါရီလတုန်းက အနောက်တိုင်းနည်းပညာဖန်တီးသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ တရုတ်အေအိုင် နည်းပညာကုမ္ပဏီသစ် Deepseek ပေါ်လာတဲ့ကိစ္စကြောင့် တုန်လှုပ်သွားခဲ့ပါတယ်။ Deepseek က သူတို့ရဲ့ အေအိုင်ဟာ OpenAI ရဲ့ ChatGPT ထက် သာလွန်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ အေအိုင်နယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေ ဘယ်လောက် ပြင်းထန်လာပြီလဲဆိုတာကို ပြနေတာ ဖြစ်ပါတယ်။