မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၃၃၀ ဧကရှိတဲ့ နယ်မြေနဲ့ဧရိယာအကျယ်အဝန်း ဧက ၃၀ ရှိတဲ့နယ်မြေကို “ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တောအပိုင်း(၁)နဲ့(၂)” အဖြစ်သတ်မှတ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အပူပိုင်းဒေသရဲ့ သဘာဝတောကျန်တွေကိုထိန်းသိမ်းတာကြောင့် ပတ်ဝန်းကျင်ဒေသကို အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကိုကာကွယ်ဖို့၊ ရာသီဥတုသာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေဖို့၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေဖို့၊ မြေဆီလွှာတိုက်စားမှုတွေ တားဆီးကာကွယ်ရေးနဲ့ အပူပိုင်းသစ်တောတွေ ထိန်းသိမ်းဖို့တို့အတွက်ရည်ရွယ်ပြီး ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောတွေအဖြစ် ဖွဲ့စည်းသတ်မှတ်တာဖြစ်တယ်လို့ဆိုပါတယ်။
အခုလိုသတ်မှတ်လိုက်တာကြောင့် အဲဒီဧရိယာအတွင်းပေါက်ရောက်နေတဲ့ အပူပိုင်းဒေသရဲ့ ဒေသမျိုးရင်းသစ်မျိုးတွေဖြစ်တဲ့ သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း၊ တမာ၊ ဆူးဖြူ၊ နဘဲစတဲ့သစ်မျိုးတွေကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
ဒေသခံပြည်သူတွေအတွက်လည်း လယ်ယာလုပ်ငန်းသုံးသစ်၊ ထင်း၊ ဝါး နဲ့ အခြား အပူပိုင်းဒေသထွက် သစ်တောထွက်ပစ္စည်းတွေပိုမိုရရှိနိုင်တာ၊ အရိပ်နဲ့နားခိုရာနေရာတွေ တိုးပွားလာစေတာအပြင် ခါ၊ ချိုး(ဂျိုး)၊ ငုံး၊ တောကြောင်၊ ယုန်စတဲ့ တိရစ္ဆာန်တွေနေထိုင်ကျက်စားရာဒေသကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာ၊ ရေတိုက်စားမှု၊ လေတိုက်စားမှုတွေကနေ တားဆီးကာကွယ်နိုင်တာ၊ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်နိုင်တာ၊ မြေအောက်ရေထိန်းသိမ်းနိုင်တာနဲ့ သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်မျှတလာနိုင်တာ စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။