ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးမှာ ဒေသအခေါ် ဝက်အင်းနဂါးအမည်ရှိတဲ့ ရွှံ့မီးတောင် ၄ ခုပါ မီးတောင်အုပ်စုက မြောက်ဘက်အစွန်းဆုံးမီးတောင်ဟာ အောက်တိုဘာ ၅ ရက်၊ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှံ့မီးတောင်ပေါက်ကွဲမှုကြောင့် ရွှံ့ရည်ပူတွေဟာ အမြင့် ၁၀ ပေခန့်အထိ လွင့်စဉ်ပေါက်ထွက်ခဲ့ပြီး ရွှံ့မီးတောင်ရဲ့ဘေးပတ်လည် ပေ ၃၀၀ လောက် ရွှံ့ချော်ရည်တွေဖုံးလွှမ်းခဲ့တယ်လို့ ဆိုပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နဲ့ လယ်ယာမြေစိုက်ခင်းတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိခဲ့ဘူးလို့သိရပါ တယ်။

ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအနီးမှာ ဒေသအခေါ် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စု၊ ပန်းရှည်နဂါး ရွှံ့မီးတောင်အုပ်စုနဲ့ သပြေတောနဂါးရွှံ့မီးတောင်အုပ်စု ၃ ခုရှိပြီး ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနဲ့ ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိတယ်လို့သိရပါတယ်။
ရွှံ့မီးတောင်တွေရဲ့ အမြင့်တွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀ ကနေ မီတာ ၆၀ ခန့်အထိရှိပါတယ်။ အခုပေါက်ကွဲခဲ့တဲ့ ဝက်အင်းနဂါးရွှံ့မီးတောင်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်က နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ (၆)ကြိမ်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။