ပြီးခဲ့တဲ့ ရက်တွေက ရာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးခဲ့တာတွေအတွက် နေပြည်တော်ကောင်စီအနီးတစ်ဝိုက် နေရာအချို့မှာ ဆက်သွယ်ရေးစနစ်ပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ရတယ်လို့သိရပါတယ်။
အဲဒီပြတ်တောက်သွားတဲ့ ဆက်သွယ်ရေးစနစ်တွေပြန်လည်ကောင်းမွန်စေဖို့အတွက် ပြုပြင်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်နေတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေသိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ဇေယျာသီရိ မြို့နယ်၊သိုက်ချောင်းလမ်းဆုံရှိတံတားမှာ သွယ်တန်းထားတဲ့ ဖိုင်ဘာကေဘယ်လ်တွေ၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်၂၄၅ မိုင် ၇ ဖာလုံရှိ နဝင်းချောင်းတံတား(အဆုံတံတား)၊ နေပြည်တော်-တပ်ကုန်း-ရမည်းသင်းဖိုင်ဘာကေဘယ်လ်ဆက်ကြောင်းနဲ့ တပ်ကုန်း-ပင်းလောင်းအကြားရှိ ဖိုင်ဘာကေဘယ်လ်ကြိုးတွေ ပြတ်တောက်သွားခဲ့တယ်လို့သိရပါတယ်။