ဗီယက်နမ်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ VNPT Group ဟာ ကုန်းတွင်း နိုင်ငံတကာ အင်တာနက် ဖိုက်ဘာအော့ပတစ်ကေဘယ်စနစ် VSTN ကို တပ်ဆင်လိုက်ပြီဖြစ်ကြောင်း VNExpress သတင်းမှာ ဖော်ပြ ပါရှိပါတယ်။ ထိခိုက်လွယ်တဲ့ ပင်လယ်အောက်ကေဘယ်လိုင်းတွေအပေါ် မှီခိုအားထားနေရမှုကို လျှော့ချဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ကီလိုမီတာ ၃၉၀၀ ရှည်တဲ့ အဲဒီကေဘယ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ဒါနန်းမြို့ကနေ လာအို၊ ထိုင်းနဲ့ မလေးရှားကနေတစ်ဆင့် စင်ကာပူကို ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒါဟာ ဗီယက်နမ်ကုမ္ပဏီတစ်ခုက အပြည့်အဝပိုင်ဆိုင်ပြီး လုပ်ငန်းလည်ပတ်တဲ့ ပထမဆုံး နိုင်ငံတကာကေဘယ် လိုင်းလည်း ဖြစ်ပါတယ်။ ဒီစနစ်မှာ dense wavelength division multiplexing နည်းပညာကို အသုံးပြုထားပြီး wavelength တစ်ခုချင်းစီက အနည်းဆုံး တစ်စက္ကန့်ကို ၃၀၀ ဂစ်ဂါဘစ် ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။သူ့ရဲ့ဒီဇိုင်းစွမ်းဆောင်ရည်ကိုလည်း မြန်နှုန်းမြင့်ဒေတာအလွှဲအပြောင်းကို ပံ့ပိုးပေးနိုင်အောင် တည်ဆောက်ထား တာ ဖြစ်ပါတယ်။

ပင်လယ်အောက်ကေဘယ်လိုင်းတွေဟာ မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်လေ့ရှိပြီး ပြင်ဆင်ချိန်ကလည်း ကြာမြင့်တတ်ပါတယ်။ ကုန်းတွင်းစနစ်ကတော့ အင်တာနက်ပြတ်တောက်မှုအန္တရာယ်ကို လျှော့ချပေးနိုင်ပြီး သူ့ရဲ့လုပ်ငန်းဆောင်တာကို အပြည့်အဝ ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။VNPT ရဲ့အမှုဆောင်အရာရှိချုပ် Huynh Quang Liem ရဲ့အဆိုအရ ၂၀၂၂ ခုနှစ်ကစပြီး ဗီယက်နမ်နိုင်ငံရဲ့ ပင်လယ် အောက် ကေဘယ်စနစ်တွေဟာ တစ်နှစ်ကို ပျမ်းမျှ ၁၀ ကြိမ်လောက် ပျက်ယွင်းတယ်လို့ သိရပါတယ်။ တစ်ကြိမ်တုန်းကတော့ နိုင်ငံတကာပင်လယ်အောက်ကေဘယ်လိုင်း ၅ ခုမှာ ၄ ခု ပြတ်တောက်ခဲ့ဖူးပြီး အင်တာနက်စွမ်းဆောင်ရည် ၇၅ ရာခိုင်နှုန်း လျော့ကျခဲ့ရတယ်လို့ ဆိုပါတယ်။