မကြာသေးခင်အချိန်အတွင်းက Tesla ဟာ သူတို့ရဲ့ Robotaxi ဝန်ဆောင်မှုကို Austin မြို့မှာ စတင်လိုက်ပြီဖြစ်ကြောင်း Tech innovation သတင်းမှာပါရှိပါတယ်။

ခရီးသည်တွေဟာ မိုဘိုင်းဖုန်းထဲက App တစ်ခုကိုနှိပ်လိုက်ရုံနဲ့ မောင်းသူမပါတဲ့ Tesla ကားတစ်စီးက သူတို့ရှေ့ကို အလိုအလျောက် ရောက်ရှိလာပြီး သတ်မှတ်ထားတဲ့နေရာကို ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ လူသားတွေရဲ့ ခရီးသွားလာမှုပုံစံကို အပြီးတိုင်ပြောင်းလဲပစ်မယ့် တော်လှန်ရေးတစ်ခုရဲ့ ပထမဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။
သိပ္ပံဇာတ်ကားတွေထဲက အိပ်မက်ဟာ အခုဆိုရင် Tesla ကြောင့် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရဲ့ Austin မြို့တော်မှာ တကယ်ဖြစ်လာခဲ့ပါပြီ။ Tesla ရဲ့ မောင်းသူမဲ့ Robotaxi ကားတွေဟာ မြို့တော်ရဲ့လမ်းတွေပေါ်မှာ သူ့ရဲ့သမိုင်းဝင် ပထမဆုံးခရီးစဉ်တွေကို တရားဝင် စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။

စတီယာရင်ဘီး၊ လီဗာ၊ ဘရိတ် လုံးဝမပါဝင်ဘဲ ခရီးသည်အတွက်သာ အကောင်းဆုံးဖန်တီးထားတဲ့ ဒီကားဟာ အနာဂတ်ရဲ့ သယ်ယူပို့ဆောင်ရေး ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို ကမ္ဘာကို ချပြမှာဖြစ်ပါတယ်။Tesla ရဲ့ Robotaxi ဟာ လူတွေကို သွားချင်တဲ့နေရာ ပို့ပေးရုံသက်သက်မဟုတ်ပါဘူး။ ကားတစ်စီးပိုင်ဆိုင်ခြင်းရဲ့ အဓိပ္ပာယ်ကိုပါ ပြောင်းလဲပစ်မှာပါ။ အနာဂတ်မှာ Tesla ကားပိုင်ရှင်တွေဟာ သူတို့ရဲ့ကားတွေကို အသုံးမပြုတဲ့အချိန်မှာ Tesla ရဲ့ Robotaxi ကွန်ရက်ထဲကို ထည့်သွင်းထားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။