လျှပ်စစ်ကားတစ်စီးလုံးကို ၁၈ စက္ကန့်တည်းနဲ့ မျက်စိတစ်မှိတ်အတွင်း အားအပြည့်သွင်းနိုင်မယ့် ဘက်ထရီကို ဗြိတိန်အခြေစိုက် RML Groupက မိတ်ဆက်လာပါတယ်။ RML Group က ကမ္ဘာပေါ်မှာ ပါဝါသိပ်သည်းဆ အမြင့်ဆုံးဖြစ်တဲ့ VarEVolt လျှပ်စစ်ဟိုက်ပါကားဘက်ထရီကို ထုတ်ဖော်ပြသခဲ့တာပါ။

VarEVolt ဘက်ထရီဟာဆိုရင် ၁၈ စက္ကန့် အချိန်ပေးလိုက်တာနဲ့ လျှပ်စစ်ကားကို အားအပြည့် ပြန်ဖြည့်ပေးနိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီအကြီးအကဲတစ်ယောက်က ပြောပါတယ်။ ဒါဟာ လျှပ်စစ်ကားသုံးစွဲသူတွေရဲ့ အကြီးမားဆုံး စိုးရိမ်မှုဖြစ်တဲ့ အားသွင်းချိန်ကြာမြင့်တဲ့ပြဿနာကို တစ်ချက်တည်းနဲ့ ဖြေရှင်းပေးလိုက်တာ ဖြစ်ပါတယ်။ Conformity of Production(CoP) ခွင့်ပြုချက်ရရှိပြီးနောက် VarEVolt လျှပ်စစ်ဟိုက်ပါကားဘက်ထရီကို ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။VarEVolt ဘက်ထရီဟာ ကမ္ဘာပေါ်မှာရှိတဲ့ လျှပ်စစ်ကားတွေအတွက် အစွမ်းထက်ဆုံး ဘက်ထရီဖြစ်လာမယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။ အဲဒီဘက်ထရီကနေ ဓာတ်အား 6 kW ထုတ်ပေးနိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

RML Group ဟာ လျှပ်စစ်ကားတွေအတွက် လိုအပ်ချက်တွေကိုရှာဖွေရင်း အခက်အခဲတွေကြားက VarEVolt ကို ဖန်တီးခဲ့တာဖြစ်ပြီး အဲဒီမတိုင်မီက အတွင်းလောင်ကျွမ်းမှုအင်ဂျင် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။VarEVolt ဘက်ထရီစနစ်မှာ မော်ဂျူလာဒီဇိုင်းပါရှိပြီး မတူညီတဲ့ ပါဝါနဲ့ စွမ်းရည်လိုအပ်ချက်တွေအတွက် လိုက်လျောညီထွေ ဖြစ်စေနိုင်ပါတယ်။ RML Group ဟာ အနာဂတ်မှာ လျှပ်စစ်ကားတွေအတွက် ခေတ်မီတဲ့ ကိရိယာတွေကို ပေးဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ့်အပြင် ဟိုက်ပါကားထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့လည်း စီစဉ်ထားပါတယ်။