Xiaomi ကားကုမ္ပဏီဟာ သူ့ရဲ့လျှပ်စစ်ကားကြောင့် လူထိခိုက်သေဆုံးတဲ့ ယာဉ်မတော်တဆမှု ဖြစ်အပြီးမှာ ပထမဆုံးပြိုင်ကားထုတ်ဖို့ကို ရွှေ့ဆိုင်းခဲ့ပြီး Tesla နဲ့ BYD ကားကုမ္ပဏီတွေကို ဖိအားပေးချင်တဲ့ ရည်ရွယ်ချက် လည်း သဲထဲရေသွန်ဖြစ်သွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။တရုတ်ကုမ္ပဏီ Xiaomi ဟာ YU7 လျှပ်စစ်ကားကို မူလရည်ရွယ်ထားသလို ဇွန်လ ဒါမှမဟုတ် ဇူလိုင်လမှာ မရောင်းဖြစ်တော့ဘဲ ဖြန့်ချိရောင်းချမယ့်ရက်စွဲအသစ်ကိုလည်း အတည်မပြုနိုင်ဘဲ ဖြစ်နေပါတယ်။

တရုတ်အရှေ့ပိုင်းအန်ဟွာမှာ မတ်လ ၂၉ ရက်က ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကို ရဲက စုံစမ်းလိုက်တဲ့အခါမှာ အမျိုးသမီး ၃ ယောက် စီးနင်းလိုက်ပါလာတဲ့ Xiaomi SU7 sedan ကားဟာ အလိုအလျောက်မောင်းနှင်တဲ့စနစ် ဖွင့်ထားလျက်နဲ့ပင် အုတ်နံရံကို ဝင်တိုက်မိပြီး အဝေးပြေးလမ်းမမှာ မီးလောင်သွားခဲ့တာဖြစ်ပါတယ်။Xiaomi ရဲ့ရှယ်ယာတွေဟာ မတ်လအလယ်ပိုင်းကတည်းက ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းနေခဲ့ပြီး EV ကားတွေရဲ့ အလားအလာအပေါ် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်စိတ်မြင့်တက်လာနေပါတယ်။