တက်စလာ လျှပ်စစ်ကားကုမ္ပဏီက မောင်းသူမဲ့ Robotaxi ဝန်ဆောင်မှုကို လာမယ့် ဇွန်လ ၂၂ ရက်မှာ စတင် မိတ်ဆက်ဖို့ စီစဉ်ထားကြောင်း ကုမ္ပဏီစီအီးအို အီလွန်မတ်စ်က ပြောကြားလာတာကို ကိုးကားပြီး CNA သတင်းမှာ ဖော်ပြထားပါတယ်။

မတ်စ်ရဲ့နိုင်ငံရေးအမြင်ကြောင့် ဥရောပမှာ တက်စလာကားတွေ ရောင်းအားကျဆင်းနေတဲ့အပြင် လျှပ်စစ်ကား ဈေးကွက်မှာ အပြိုင်အဆိုင်တွေ ထွက်ပေါ်လာတာကြောင့် တက်စလာကုမ္ပဏီအတွက် Robotaxi ဝန်ဆောင်မှုကို အောင်မြင်စွာ မိတ်ဆက်နိုင်ဖို့က အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာဖြစ်ပါတယ်။မတ်စ်ဟာ ဈေးသက်သာတဲ့အီးဗွီပလက်ဖောင်းတည်ဆောက်မဲ့ အစီအစဉ်ကို ဖျက်သိမ်းပြီး တက်စလာရဲ့ အနာဂတ် ကို မောင်းသူမဲ့ယာဉ်တွေအပေါ်မှာ လောင်းကြေးထပ်ထားတာပါ။ အခကြေးငွေပေးစီးရမယ့် Robotaxi ဝန်ဆောင် မှုကို တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ တက်စလာ Model Y SUV အစီး ၂၀ လောက်နဲ့ ကန့်သတ် ဧရိယာ အတွင်း စတင်ပြေးဆွဲမှာ ဖြစ်တယ်လို့ အီလွန်မတ်စ်က ပြောကြားထားပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ မောင်းသူမဲ့ ယာဉ်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတဲ့ ကယ်လီဖိုးနီးယားပြည်နယ်အပါအဝင် အမေရိကန်ရှိ တခြားပြည်နယ်တွေမှာပါ ဝန်ဆောင်မှု ချဲ့ထွင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။မောင်းသူမဲ့ယာဉ်တွေကို ဈေးကွက်မှာ ရောင်းချနိုင်ဖို့အတွက် လုံခြုံရေးနဲ့ပတ်သက်တဲ့စိုးရိမ်မှု၊ စည်းကမ်း တင်းကျပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု စတဲ့ စိန်ခေါ်မှုတွေကြောင့် လူတော်တော်များများက မတ်စ်ရဲ့အစီအစဉ်ကို သံသယ ရှိနေကြပါတယ်။ဇွန်လ ၂၈ ရက်က စပြီး တက်စလာကားတွေဟာ စက်ရုံကနေ ဝယ်သူတွေရဲ့အိမ်တွေဆီကို သူ့ဘာသာ အလို အလျောက် မောင်းနှင်သွားမှာ ဖြစ်တယ်လို့ အီလွန်မက်စ်က ပြောပါတယ်။ ကားရဲ့လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့ အထူးဂရုပြုမှာ ဖြစ်တဲ့အတွက် မိတ်ဆက်မယ့်ရက်က အပြောင်းအလဲရှိနိုင်တယ်လို့လည်း မက်စ်က X ပလက်ဖောင်းမှာ ရေးသားခဲ့ပါတယ်။