အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် တရုတ် AI chatbot DeepSeek ကို ထရမ့်အစိုးရအဖွဲ့က ပိတ်ပင်ဖို့ ချိန်ဆနေကြောင်း ပြောကြားလာတယ်လို့ Wall Street Journal သတင်းဖော်ပြချက်အရ သိရပါတယ်။DeepSeek ဟာ တရုတ်ထုတ် AI မော်ဒယ်တစ်ခု ဖြစ်တာကြောင့် နည်းပညာပိုင်းဆိုင်ရာကနေတစ်ဆင့် ဒေတာ အချက်အလက်တွေ ဖောက်ထွင်းယူမှာကို စိုးရိမ်တာကြောင့် အခုလို ပိတ်ပင်ဖို့ ဆွေးနွေးနေတာဖြစ်တယ်လို့ ထရမ့်အစိုးရအဖွဲ့က ပြောကြားလာတာ ဖြစ်ပါတယ်။

လက်ရှိမှာDeepSeek ကို တရုတ်နိုင်ငံရှိ ဆာဗာတော်တော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာ ဖြစ်ပြီး အသုံးပြုသူဒေတာတွေကနေတစ်ဆင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာမှာကို အမေရိကန်တာဝန်ရှိသူတွေက စိုးရိမ်နေကြတာပါ။အမေရိကန်ပြည်ထောင်စုရှိ အစိုးရစက်ပစ္စည်းတွေမှာ DeepSeek ဉာဏ်ရည်တုဆော့ဖ်ဝဲလ်ကို ဒေါင်းလုဒ်ဆွဲတာ နဲ့ အသုံးပြုတာတွေ တားမြစ်နိုင်ဖို့အတွက် ပြည်နယ်ရှေ့နေ ၂၁ ဖွဲ့က လွှတ်တော်ကို အဆိုပြု တိုက်တွန်းထားကြ ပါတယ်။ အမေရိကန် အခြေစိုက် cloud ဝန်ဆောင်မှုပေးသူတွေကလည်း DeepSeek AI မော်ဒယ်တွေနဲ့ ပတ်သက်လို့ ကန့်သတ်မှုတွေ ပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

DeepSeek ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စတော့ရှယ်ယာ ဈေးကွက်တွေကို လှိုင်းလုံးသဖွယ်ရိုက်ခတ်နိုင်ခဲ့သလို အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီများစွာကိုလည်း ခြိမ်းခြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အချိန်ခဏလေးအတွင်းမှာ ဈေးကွက်အများအပြားကို လွှမ်းမိုးထားနိုင်ပြီး မြင့်မားတဲ့စွမ်းဆောင်ရည်တွေကြောင့်လည်း လက်ရှိမှာ AI နည်းပညာနယ်ပယ်က ရင်းနှီးမြှုပ်နှံသူ အများအပြား ကလည်း DeepSeek ကြောင့် ဈေးကွက်တန်ဖိုးကျဆင်းနေမှုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။