မြန်မာနိုင်ငံမှာ ဉာဏ်ရည်တုနည်းပညာ(AI)ကျွမ်းကျင် လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်နိုင်ရေး နိုင်ငံတကာ နဲ့ ချိတ်ဆက်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပပြုလုပ်တဲ့ National AI Strategy နဲ့ National AI Policy (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ကမ္ဘာတစ်ဝန်းမှာ ဉာဏ်ရည်တုနည်းပညာဟာ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းတွေမှာ လျင်မြန်စွာ တိုးတက်လာတာ နဲ့အမျှ မြန်မာနိုင်ငံမှာလည်း ဉာဏ်ရည်တုနည်းပညာ(AI)ကို နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ အကျိုးရှိစွာ အသုံးချရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံသားတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စံနှုန်းတွေ၊ စည်းမျဉ်းတွေကို လွှမ်းခြုံသိရှိစေဖို့နဲ့ ဉာဏ်ရည်တုနည်းပညာ(AI)ဆိုင်ရာ အသိပညာရှင်တွေ အတတ်ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။