တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံမှာ AI ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဖို့အတွက် AI ကို “ နိုင်ငံလုံးဆိုင်ရာ စနစ်သစ်” အဖြစ် အသုံးချသွားမှာဖြစ်ကြောင်း ပေါ်လစ်ဗျူရို အစည်းအဝေး ဆွေးနွေးပွဲမှာ ကတိပြုပြောကြား ခဲ့တာကို CNA သတင်းမှာ ဖော်ပြပါရှိပါတယ်။ ကျွန်တော်တို့ဟာ ကွာဟချက်တွေကို အသိအမှတ်ပြုပြီး နည်းပညာ ဆန်းသစ်တီထွင်မှု၊ စက်မှုဖွံ့ဖြိုးတိုးတက်မှုနဲ့ AI စွမ်းဆောင်နိုင်တဲ့ အသုံးချ အပလီကေးရှင်းတွေကို ကျယ်ကျယ် ပြန့်ပြန့် တိုးတက်လာစေဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုးရမယ်လို့ ရှီက ပြောကြားခဲ့ပါတယ်။

AI ကိုအသုံးချပြီး အစိုးရဌာနတွေ၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွေကို များစွာ အထောက်အပံ့ဖြစ်စေဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ပိတ်ဆို့ အရေး ယူမှုတွေကို ကျောခိုင်းပြီး ပြင်းထန်တဲ့ ပထဝီဝင် နိုင်ငံရေး နည်းပညာပြိုင်ဆိုင်မှုတွေအကြားမှာ AI ကဏ္ဍကို ရှေ့တန်းတင်ကာ ကြိုးပမ်းအားထုတ်သွားမှာဖြစ်တယ်လို့ သမ္မတရှီက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်နှောင်းပိုင်းတုန်းက OpenAI ရဲ့ ChatGPT အောင်မြင်မှုတွေ စတင်ပြီးနောက် တရုတ်နိုင်ငံဟာ အမေရိကန်ထက် နည်းပညာပိုင်းမှာ နောက်ကျနေတယ်လို့ ယူဆချက်တွေ ထွက်ပေါ်လာပါတယ်။ ဒီယူဆချက် တွေကို စိန်ခေါ်ပြီး Artificial Intelligence ကို နိုင်ငံအတွက် လုံခြုံစိတ်ချရတဲ့အထိ ထိန်းချုပ်နိုင်စေကြောင်း သေချာစေဖို့အတွက် AI စည်းမျဉ်းတွေနဲ့ ဥပဒေတွေကို အရှိန်မြှင့်သွားမှာဖြစ်တယ်လို့လည်း သမ္မတရှီက ထပ်လောင်းပြောကြားခဲ့ပါတယ်။