AI ကိုအသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ပုံတွေကို ဖန်တီးပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်မယ်လို့ ဗြိတိန်အစိုးရက ကြေညာထားတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဗြိတိန်ဟာ AI ကိရိယာတွေကို ဆန့်ကျင်တဲ့ ဥပဒေတွေ ထုတ်ပြန်တဲ့ ပထမဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။

ကလေးသူငယ်တွေရဲ့ လိင်ပိုင်း ဆိုင်ရာရုပ်ပုံတွေကို ဖန်တီးထုတ်လုပ်ဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ AI ကိရိယာတွေကို လက်ဝယ်ထားရှိတာ၊ ဖန်တီးတာ ဒါမှမဟုတ် ဖြန့်ဝေတာတွေကို ပြုလုပ်ရင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်မှာဖြစ်ကြာင်း ဗြိတိန် ပြည်ထဲရေးဝန်ကြီးက ပြောကြားထားပါတယ်။

မသမာသူတွေက ဆိုရှယ်မီဒီယာမှာ AI ကိုအသုံးပြုပြီ ကြောက်မက်ဖွယ်ရာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှု တွေ ပြုလုပ်လာတာကြောင့် အခုလို အရေးယူဖို့ဆောင်ရွက်ရတာဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ အွန်လိုင်း လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုတာ၊ ခြိမ်းခြောက်တာတွေကနေ ကလေးငယ်တွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် အခုလို ပြစ်ဒဏ်ချမှတ်ဖို့ စီစဉ်ရတာဖြစ်တယ်လို့လည်း အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။