ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)က နိုင်ငံသားပြည်သူတစ်ရပ်လုံး အတွက် ChatGPT Plus ရဲ့ ပရီမီယံဝန်ဆောင်မှုကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်တဲ့နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ တယ်လို့ Tech innovation သတင်းမှာ ပါရှိပါတယ်။ChatGPT Plus ကို အခမဲ့ရရှိသုံးစွဲနိုင်တာက ယူအေအီးနိုင်ငံသား သန်းပေါင်းများစွာကို စာအရေးအသား၊ သင်ယူ မှု၊ ကုဒ်ရေးသားမှုနဲ့ စီမံကိန်းတွေ ရေးဆွဲတဲ့နေရာမှာ အဆင့်မြင့် AI အကူအညီတွေ ရယူနိုင်စေမှာ ဖြစ်ပါတယ်။ ဒါက OpenAI နဲ့ ယူအေအီးအစိုးရအကြား ရေရှည်အကျိုးမျှော်တဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီပူးပေါင်းဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အဘူဒါဘီမြို့တော်မှာ ဒေသဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ အချက်အချာနေရာတစ်ခု ဖန်တီးပေးမယ့် Stargate UAE အမည်ရှိတဲ့ AI အခြေခံအဆောက်အအုံ တည်ဆောက် ရေးစီမံကိန်းလည်း ပါဝင်ပါတယ်။ အဲဒီစီမံကိန်းဟာ နိုင်ငံအသီးသီးက ဒေသိယဘာသာစကား၊ အုပ်ချုပ်မှုစနစ်နဲ့ လူမှုဘဝလိုအပ်ချက်တွေအတွက် အံဝင်ခွင်ကျဖြစ်တဲ့ AI နည်းပညာတွေ တည်ဆောက်နိုင်ဖို့ ပံ့ပိုးပေးမယ့် OpenAI ရဲ့ “OpenAI for Countries” အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်က အချက်အလက်လုံခြုံရေး၊ တာဝန်သိ AI အသုံးပြုမှုနဲ့ အမျိုးသားရေးမူဝါဒတွေနဲ့ လိုက်လျောညီထွေ ရှိအောင် လုပ်ဆောင်ရေးတို့ကို အလေးထားပါတယ်။ OpenAI ရဲ့ အမှုဆောင်အရာရှိချုပ် ဆမ်အယ်လ်မန်က ယူအေအီးနဲ့ ပူးပေါင်းဆောင်ရွက်မှုက AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေ ကမ္ဘာ့နိုင်ငံအများအပြားကို ဖြန့်ဝေဖို့ ရည်ရွယ်တဲ့ “ရဲရင့်တဲ့မျှော်မှန်းချက်” တစ်ရပ်လို့ သတ်မှတ်ပြောကြားခဲ့ပါတယ်။အဲဒီကြိုးပမ်းမှုမှာ Oracle ၊ Nvidia ၊ Cisco ၊ SoftBank ၊ Microsoft နဲ့ G42 အပါအဝင် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးတွေ အများကြီး ပူးပေါင်းပါဝင်ကြပါတယ်။ အခုပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိကရည်မှန်းချက်ကတော့ ယူအေအီးနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုကဏ္ဍမှာ ဦးဆောင်အခန်းကဏ္ဍကနေပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နိုင်အောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။