ပြင်သစ်အမျိုးသမီးတစ်ယောက်ဟာ အွန်လိုင်းငွေလိမ်သူတွေက AI သုံးပြီး ဘရက်ပစ်အဖြစ် ဟန်ဆောင်ကာ သူ့ဆီ ကနေ ယူရိုငွေ (၈၃၀၀၀၀)ကျော် လိမ်လည်သွားတယ်လို့ ဘီဘီစီ သတင်းမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။ ဒီအတွက် ပြင်သစ်ရုပ်သံဌာန TF 1 ကိုလည်း ငွေလိမ်ခံရမှုအကြောင်း တင်ဆက်တဲ့ ရုပ်သံအစီအစဉ်ကို ပြန်ရုပ် သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အလိမ်ခံရသူဟာ အသက် (၅၃)နှစ်အရွယ် အန်းလို့ခေါ်တဲ့ ဒီဇိုင်နာ ဖြစ်ပြီး သူဟာ မင်းသား ဘရက်ပစ်နဲ့ တစ်နှစ်ခွဲလောက် ချစ်ကြိုက်နေတယ်လို့ ယူဆခဲ့ရသူပါ။ အဲဒီလို AI ဘရက်ပစ်က ငွေလိမ်သွားတဲ့အကြောင်းကို FT 1 ရုပ်သံအစီအစဉ်မှာ လူသိရှင်ကြား ဖွင့်ဟခဲ့ရာမှာ လူထုအာရုံစိုက်မှုရခဲ့ပြီး ဆိုရှယ်မီဒီယာသုံးစွဲသူ ရာပေါင်းများစွာကလည်း အန်းကို လှောင်ပြောင်သရော်ခဲ့ကြပါတယ်။ ဒီအတွက် အစီ အစဉ်ကို ရုပ်သိမ်းပေးဖို့ပါ အန်းက တောင်းဆိုခဲ့တာပါ။
အလိမ်ခံရမှန်း သိခဲ့ပြီးနောက် သူဟာ အသက် အာမခံ ကြေးတွေ အကုန်ဆုံးရှုံးခဲ့ရသလို သူ့ကိုယ်သူ သုံးကြိမ် သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ အင်စတာဂရမ် အက်ပ်ကို စတင်သုံးစွဲချိန်မှာ ဘရက်ပစ်ရဲ့ အမေအဖြစ် ဟန်ဆောင်သူက ဆက်သွယ်လာပြီး သူ့သား ဘရက်ပစ် ဟာ သူ့လို မိန်းကလေးမျိုးကို လိုအပ်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။ နောက်တစ်နေ့မှာ ဘရက်ပစ်ဆိုသူက ဆက်သွယ်လာခဲ့ပြီး တစ်ချီမှာတော့ သူ့ကို တန်ဖိုးကြီး လက်ဆောင် ပို့ချင်ပေမဲ့ မင်းသမီး အင်ဂျလီနာ ဂျိုလီ နဲ့ ကွာရှင်းတဲ့ တရားမမှုကြောင့် ဘဏ်အပ်ငွေတွေ ပိတ်ပင်ခံရကြောင်း၊ အဲဒီတွက် လက်ဆောင်ပို့ဖို့ အခွန်မတတ် နိုင်တဲ့အတွက် အခွန်ဆောင်ခ ယူရိုငွေ(၉၀၀၀) လွှဲပေးဖို့ ပြောလာရာကနေ အဆုံးမှာ ယူရို (၈)သိန်းကျော် လိမ်လည်ခံခဲ့ရတာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းသား ဘရက်ပစ်ရဲ့ ကိုယ်စားလှယ်တစ်ယောက်က အဲဒီလို ငွေလိမ်သူတွေဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အမြတ်ထုတ်တာဟာ အံ့ဩစရာဖြစ်ပြီး လူတွေအနေနဲ့ ဆိုရှယ် မီဒီယာကို အားပြုသုံးစွဲတာမရှိတဲ့ မင်းသားတွေဆီကနေ ဆက်သွယ်လာမှုမျိုးကို မတုံ့ပြန်သင့်ကြောင်း ပြောကြား လိုက်ပါတယ်။