ဒီနေ့ခေတ် စစ်ဘက်ဆိုင်ရာ သိပ္ပံနဲ့နည်းပညာနယ်ပယ်မှာ ဉာဏ်ရည်တုနည်းပညာ(AI)ကို ပိုမိုအသုံးပြုလာကြသလို သတင်းအချက်အလက်နည်းပညာကို အခြေခံပြီး Digitalized Battle Field အသွင်ဆောင်လာတဲ့အတွက် AIနဲ့ IT နည်းပညာရပ်တွေကို လေ့လာဆည်းပူးသွားကြဖို့လိုတယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်က ပြင်ဦးလွင်မြို့မှာ ကျင်းပတဲ့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၆) သင်တန်းဆင်းပွဲအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက် တာပါ။ပြောင်းလဲတိုးတက်နေတဲ့ စစ်မှုသိပ္ပံနဲ့ နည်းပညာရပ်တွေကို သိရှိနားလည်ပြီး အမီလိုက်နိုင်ဖို့အတွက် စဉ်ဆက် မပြတ် လေ့လာသုတေသနပြုမှုတွေ၊ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမယ် လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အင်ဂျင်နီယာကောင်းတစ်ယောက်မှာ အင်ဂျင်နီယာပညာဒဿနရှိဖို့လိုပြီး အင်ဂျင်နီယာဒဿနဆိုတာဟာ လူ့အဖွဲ့အစည်းအတွက် အင်ဂျင်နီယာပညာရပ်တွေကို ဘယ်လို အကျိုးရှိရှိ အသုံးပြုရမယ်ဆိုတဲ့ စည်းမျဉ်းကို ရည်မှန်းပြီး ရေးဆွဲသတ်မှတ်ထားတဲ့ အယူအဆတစ်ရပ်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။