မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား ၉ ဆူကို မိုးကြိုးလွှဲ ဆက်လက်တပ်ဆင်နေရာ အောက်တိုဘာ ၁ ရက်အထိ ဘုရား ၄ ဆူမှာ မိုးကြိုးလွှဲတပ်ဆင်ပြီးဖြစ်တယ်လို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကနေသိရပါတယ်။
ပုဂံဘုရားတွေဖြစ်တဲ့ ငှက်ပစ်တောင်၊ အလိုတော်ပြည့်၊ ဗူးဘုရား၊ ရှင်အဇ္ဇဂေါဏ၊ ပြသာဒ်ကြီး၊ တုရင်တောင်၊ လောကနန္ဒာ၊ လေးမျက်နှာ၊ မင်္ဂလာစေတီနဲ့ စေတနာကြီးဘုရားတို့မှာ မိုးကြိုးလွှဲတပ်ဆင်နေတာဖြစ်ပြီး ငှက်ပစ်တောင်၊ အလိုတော်ပြည့်၊ ဗူးဘုရားနဲ့ ရှင်အဇ္ဇဂေါဏစတဲ့ ဘုရားလေးဆူမှာ မိုးကြိုးလွှဲတပ်ဆင်ပြီးတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ကျန်တဲ့ရှေးဟောင်းဘုရား(၅)ဆူမှာလည်း မိုးကြိုးလွှဲတပ်ဆင်နိုင်ဖို့ ငြမ်းဆင်တာနဲ့ တိုင်းတာတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့သိရပါတယ်။ အခုနှစ် မတ်လကလည်း ပုဂံဒေသအတွင်းရှိ ထီးလိုမင်းလို၊ မြစေတီ၊ ရွှေဆံတော်၊ ဓမ္မရံကြီး၊ ဓမ္မရာဇက၊ စူဠာမဏိအပါအဝင် ရှေးဟောင်းဘုရား ၁၁ ဆူမှာ မိုးကြိုးလွှဲတပ်ဆင်ပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ပုဂံဘုရားတွေဖြစ်တဲ့ ဗူးဘုရားနဲ့ ဓမ္မရာဇကစေတီတော်တို့ကို မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ပြီးနောက် ရှေးဟောင်းအဆောက်အအုံတွေ ရေရှည်တည်တံ့စေဖို့နဲ့ ထိန်းသိမ်းပြုပြင်တဲ့လုပ်ငန်းတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်နေတာဖြစ်ပါတယ်။