တရုတ် AI model တစ်ခုဖြစ်တဲ့ DeepSeek ကို တရုတ်တိုင်ပေ အစိုးရရုံးတွေမှာ အသုံးပြုခွင့် ပိတ်ပင်လိုက် ကြောင်း တရုတ်တိုင်ပေ ဒီဂျစ်တယ်ရေးရာဝန်ကြီးဌာန MODA က ထုတ်ပြန်လိုက်ပါတယ်။ ဒေတာပေါက်ကြားမှု စိုးရိမ်ချက်ကို အခြေခံပြီး ဒီတားမြစ်ချက် ထွက်လာတာလို့ ဆိုပါတယ်။ ထုတ်ပြန်ချက်ထဲမှာ “ အမျိုးသား အချက်အလက် လုံခြုံရေးအန္တရာယ်ရှိတာကြောင့်” လို့ ပြောဆိုထားပါတယ်။

“ DeepSeek AI ဝန်ဆောင်မှုက တရုတ်ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ သူ့လုပ်ဆောင်ချက်က နယ်နိမိတ်ဖြတ်ကျော် လွှဲပြောင်းမှုတွေ၊ သတင်း အချက်အလက် ပေါက်ကြားမှုနဲ့ တခြားသတင်းအချက်အလက်အတွက် လုံခြုံရေးစိုးရိမ်ရတဲ့ အချက်တွေ ပါရှိနေတယ်။” လို့ MODA က ပြောပါတယ်။အခုတော့ တရုတ်တိုင်ပေမှာ ဗဟိုအစိုးရနဲ့ ဒေသန္တရအုပ်ချုပ်ရေးရုံးတွေ၊ အစိုးရကျောင်း၊ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ တခြားနိုင်ငံနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေအပြင် အရေးပါတဲ့ အခြေခံအဆောက်အဦစီမံကိန်းတွေမှာပါ DeepSeek သုံးခွင့် ပိတ်ထားပါတယ်။

ကုန်ကျစရိတ် သက်သာပြီး ထိပ်တန်းရောက် AI model တွေနဲ့ စွမ်းဆောင်ရည်ချင်း ပြိုင်နိုင်တဲ့ R1 Chatbot ကို DeepSeek က ပြီးခဲ့တဲ့လထဲမှာ ဖြန့်ချိခဲ့တာပါ။ DeepSeek က အမေရိကန် Apple App Store မှာ ChatGPT app ကို ကျော်ပြီး နံပါတ်တစ် ဖြစ်ခဲ့သလို Nvidia ချစ်ပ်ကုမ္ပဏီကြီးကိုလည်း တစ်ရက်တည်းနဲ့ ဒေါ်လာ ၅၉၃ ဘီလျံ ဆုံးရှုံးစေခဲ့ပါတယ်။

တစ်ဖက်မှာလည်း အချက်အလက်ရေးရာနဲ့ ပတ်သက်ပြီး ဩစတြေးလျ၊ ဂျပန်၊ အီတလီ၊ ယူကေနဲ့ အမေရိကန်တို့ က DeepSeek ရဲ့ လုပ်ဆောင်ချက်တွေကို မေးခွန်းထုတ်နေကြပါတယ်။ တောင်ကိုရီးယား၊ အိုင်ယာလန်တို့က အချက်အလက် စောင့်ကြည့်ထိန်းကျောင်းရေးအဖွဲ့အစည်းတွေကလည်း DeepSeek ရဲ့ အသုံးပြုသူ ကိုယ်ရေး အချက်အလက် ကိုင်တွယ်မှုအပေါ် မေးခွန်းထုတ်ဖို့ လုပ်ဆောင်နေပါတယ်။