Microsoft ကုမ္ပဏီဟာ ဝန်ထမ်းအင်အား ၇၀၀၀ ဝန်းကျင်ကို အလုပ်က ထုတ်ပယ်ခဲ့ပြီး ဒီပမာဏဟာ ကုမ္ပဏီမှာ ရှိတဲ့ စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ ၃ ရာခိုင်နှုန်းလောက် ရှိတယ်လို့ CNBC ရဲ့ မေလ ၁၃ ရက်က ရေးသားချက်ကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Microsoft ဟာ ဉာဏ်ရည်တုနည်းပညာကဏ္ဍမှာ ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီး မြှုပ်နှံနေပြီး တခြားသော ကုန်ကျစရိတ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့အတွက် အခုလို လုပ်သားလျှော့ချတာ တွေ ဖြစ်လာတာပါ။

ဒီလိုလုပ်သားလျှော့ချရာမှာ ဝန်ထမ်းအဆင့်အားလုံး ပါဝင်တာဖြစ်ပြီး ဒါဟာ ၂၀၂၃ ခုနှစ်မှာ ဝန်ထမ်း ၁ သောင်း လျှော့ချပြီးတဲ့နောက် Microsoft အတွက် ဒုတိယအများဆုံး ဝန်ထမ်းလျှော့ချမှု ဖြစ်ပါတယ်။Microsoft ဟာ ရိုက်တာရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကိုတော့ ချက်ချင်းတုံ့ပြန်တာ မရှိဘူးလို့ သိရပါတယ်။အလုပ်နေရာလျှော့ချမှုဖြစ်ပြီးနောက် မေလ ၁၃ ရက် မနက်ပိုင်းကတော့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာ အရောင်း အဝယ်လည်း အနည်းငယ် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်အခြေစိုက် ထိပ်သီး နည်းပညာကုမ္ပဏီကြီးတွေဟာ AI ကဏ္ဍက အနာဂတ်အတွက် အရေးအပါဆုံး နည်းပညာလို့ ရှုမြင်ပြီး ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်နေတာပါ။ Microsoft ရဲ့ ပြိုင်ဘက် Google က လည်း ကုန်ကျစရိတ်လျှော့ချဖို့အတွက် ပြီးခဲ့တဲ့နှစ်မှာ ရာနဲ့ချီတဲ့ဝန်ထမ်းတွေကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။Microsoft ဟာ အမေရိကန်ပြည်ထောင်စုမှာ ဝန်ထမ်း ၁၂၆,၀၀၀ ရှိပြီး ကမ္ဘာတစ်ဝန်းလုံးဆိုရင်တော့ စုစုပေါင်း အလုပ်သမား ၂၂၈,၀၀၀ အထိ ရှိတယ်လို့ သိရပါတယ်။