ဂျာမနီလုပ်ငန်းဖြစ်တဲ့ Rocket Factory Augsburg (RFA)ဟာ ဗြိတိန် အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ (CAA) ဆီကနေ ဒေါင်လိုက် ဒုံးပျံလွှတ်တင်ခွင့် လိုင်စင်ရရှိသွားပြီဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါ တယ်။

ဒီအတွက် RFA ဟာ SaxaVord Spaceport ကနေ ဒေါင်လိုက် ဒုံးပျံ လွှတ်တင်မှုကို လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ RFA ဟာ အဲဒီလိုင်စင်အရ Saxavord Spaceport ကနေ တစ်နှစ်ကို ဂြိုဟ်တုနဲ့ တခြားထိပ်ဖူးတွေ တင်ဆောင်မဲ့ ဒုံးပျံ (၁၀)စင်း လွှတ်တင်နိုင်တာ့မှာပါ။ အဲဒီလိုင်စင်မျိုးဟာ ဥရောပတိုက်မှာ ပထမဆုံး ပေးအပ်တဲ့ လိုင်စင်ဖြစ်လို့ လုံး၀ထူးခြားတဲ့ အခိုက်အတန့်ဖြစ်ကြောင်း RFA က ပြောပါတယ်။

ဗြိတိန် အရပ်ဘက် လေကြောင်း အာဏာပိုင်အဖွဲ့(CAA)က တာဝန်ရှိသူကတော့ ဗြိတိန်မြေကနေ ဒေါင်လိုက်ဒုံးပျံလွှတ်တင်ခွင့်လိုင်စင် ပေးအပ် လိုက်တာဟာ နိုင်ငံအတွက် သမိုင်း၀င် မှတ်ကျောက်ဖြစ်သလို အာကာလေကြောင်းကဏ္ဍအတွက် ခေတ်သစ် တစ်ခုကို ရောက်ရှိလာတာ ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ SaxaVord Spaceport ဟာလည်း လုပ်ငန်း လည်ပတ်ဖို့အတွက် လိုအပ်တဲ့ လိုင်စင်အမျိုးအစား အားလုံးရရှိထားနှင့်ပြီးဖြစ်လို့ တစ်နှစ်ကို ရော့ကတ် ဒုံးပျံ အစင်း(၃၀) လွှတ်တင်ဖို့ မျှော်လင့်ထားပါတယ်။