ဂျပန်နိုင်ငံဟာ မြင့်မားလာနေတဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ နျူကလီးယားစွမ်းအင် ကို ပိုပြီး အားထားသုံးစွဲသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ AI နဲ့ ဆီမီးကွန်ဒပ်တာ လို စွမ်းအင်စားသုံးမှု ကြီးမားတဲ့ ကဏ္ဍတွေရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အားထုတ်နေချိန်မှာပဲ အစိုးရက စွမ်းအင်မူဝါဒ ဆိုင်ရာ ကြီးမားတဲ့အရွေ့တစ်ခုကို ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

အင်္ဂါနေ့က အတည်ပြုပေးခဲ့တဲ့ စွမ်းအင် အစီ အစဉ်မှာ နျူကလီးယား စွမ်းအင်အသုံးပြုမှုကို အမြင့်ဆုံး အနေအထားအထိ တိုးမြှင့်ဖို့နဲ့ နျူစွမ်းအင်အပေါ် အမှီ ပြုတာ လျှော့ချရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်၊ အကိုးအကားတွေကို ပယ်ဖျက်ဖို့ တောင်းဆိုထား ပါတယ်။အဲဒီ စွမ်းအင်အစီအစဉ်ကို ရေးဆွဲတဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ၂၀၄၀ ပြည့်နှစ်မှာ ဂျပန်ရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုမှာ နျူစွမ်းအင်ဟာ (၂၀)ရာခိုင်နှုန်း ရှိနေသင့်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအချိုးအစားဟာ ၂၀၂၃ ခုနှစ်မှာ ရှိနေတဲ့ (၈ ဒသမ ၅) ရာခိုင်နှုန်းထက် နှစ်ဆကျော် ပိုမိုများပြားတဲ့ အချိုးအစား ဖြစ်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ ဖူကူရှီးမားနျူစက်ရုံ မတော်တဆဖြစ်စဉ်အပြီး (၁၄)နှစ်အကြာမှာ ဂျပန်ရဲ့ နျူစွမ်းအင်ဆိုင်ရာမူဝါဒမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။