သမ္မတဒေါ်နယ်ထရမ့်လက်ထက်မှာ AI model အသစ်တွေနဲ့ ဒေတာစင်တာတွေ တိုးချဲ့တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံအထိ ထပ်တိုးရင်းနှီးမြှုပ်နှံသွားဖို့ စိစဉ်နေတယ်လို့ မတ်ခ်ဇူကာဘတ်က တရားဝင် ပြောကြားလာပါတယ်။Meta Platforms အနေနဲ့ AI အခြေခံအဆောက်အအုံကဏ္ဍ ချဲ့ထွင်ဖို့အတွက် အခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံအထိ သုံးစွဲဖို့ စီစဉ်နေပြီး OpenAI နဲ့ Google တို့ကို ယှဉ်ပြိုင်ရာမှာ ကုမ္ပဏီရဲ့လက်ရှိအနေအထားကို ပိုမို မြှင့်တင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဇူကာဘတ်က ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ Meta ဟာ ဉာဏ်ရည်တုပိုင်းကို ပိုမိုအားထုတ် ကြိုးပမ်းသွားမှာဖြစ်သလို နည်းပညာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်လောက်အောင် ကြီးမားတဲ့ 2-gigawatt ဒေတာစင်တာကို တည် ဆောက်သွားမှာဖြစ်တယ်လို့ ဇူကာဘတ်က ပြောဆိုထားပါတယ်။ ဒါ့အပြင် အခု ၂၀၂၅ ခုနှစ်ဟာ AI နည်းပညာ တွေ ပိုမိုတိုးတက်ထွန်းလာမယ့်နှစ်တစ်နှစ်ဖြစ်သလို ကြီးမားတဲ့ အားထုတ် မှုတွေကို ပြည်သူတွေ မြင်တွေ့ခံစား ရမှာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ရဲ့ ပင်မထုတ်ကုန်တွေနဲ့ လုပ်ငန်းတွေက ပြည်သူလူထုအတွက် များစွာကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ ဇူကာဘတ်က ပြောကြားထား ပါတယ်။

တစ်ဖက်မှာလည်း Microsoft နဲ့ Amazon ကုမ္ပဏီကြီးတွေက ဒေတာစင်တာတွေ တိုးချဲ့ တည်ဆောက်ဖို့အတွက် အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံနေကြတာပါ။ ဒါ့ကြောင့် ဇူကာဘတ်ဟာ AI ပြိုင်ပွဲမှာ ဒုတိယ မဖြစ်ချင်ဘူးဆိုတဲ့ ကြေညာချက် ထုတ်ပြန်ပြီးပြီးချင်းမှာ အခုလို အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံအထိ ထပ်တိုးရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားလာတာလည်း ဖြစ်ပါတယ်။