လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်မယ့် အမှုဆောင်အမိန့်အသစ်မှာ ဆိုက်ဘာလုံခြုံရေးစံနှုန်းကို အဓိက ထားပြီး ပိုမိုတင်းကျပ်မယ့် စည်းမျဉ်းတွေထုတ်ပြန်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပြင်ဆင်နေကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ ချိတ်ဆက်ထားတဲ့ ဆိုက်ဘာစစ်ဆင်ရေးနဲ့ ဆိုက်ဘာ ရာဇ၀တ်မှုဆိုင်ရာဆောင်ရွက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပိုမိုတင်းကျပ်မယ့် စည်းမျဉ်းတွေကို ထုတ်ပြန်ဖို့ရှိတယ်လို့ ဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။ အဲဒီအမိန့်ဟာ သမ္မတဘိုင်ဒန်ရဲ့ ကျန်ရှိနေ တဲ့ သမ္မတသက်တမ်း နောက်ဆုံးနေ့ရက်တွေမှာ ထင်ရှားကျော်ကြားပြီး သမိုင်းတွင်နိုင်တဲ့ စည်းမျဉ်း အသစ်တွေ ဖြစ်လာနိုင်ချေရှိတယ်လို့ အမေရိကန်အစိုးရနဲ့ ဆိုက်ဘာလုံခြုံရေး သုတေသနအဖွဲ့တွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရုတ်နဲ့ဆက်နွှယ်နေတဲ့ ဟက်ကာအများအပြား တိုက်ခိုက်တာခံရတာ ကြောင့် အခုလို စည်းကမ်းချက်တွေ ထုတ်ပြန်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ တရုတ်ဟတ်ကာတွေဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အခြေခံအဆောက်အအုံတွေ၊ အစိုးရဌာနတွေ၊ ဆက်သွယ်ရေးကုမ္ပဏီ တွေနဲ့ အမေရိကန်ဘဏ္ဍာရေးဌာနတွေကို အဓိက ပစ်မှတ်ထားနေတာကြောင့် အမျိုးသားလုံခြုံရေး အန္တရာယ်အတွက် စိုးရိမ်လာလို့ မကြာခင်မှာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာစည်းမျဉ်းအသစ်တွေ ထွက်ပေါ် လာတော့မှာ ဖြစ်ပါတယ်။