လာမယ့် ၂၀၂၅ ခုနှစ်ကစပြီး စမတ်နာရီတွေမှာ ဂြိုဟ်တုအင်တာနက် ချိတ်ဆက်မှုတွေ ထည့်သွင်းဖို့ Apple စီစဉ်နေတယ်လို့ Reuters သတင်းမှာ ရေးသားထားပါတယ်။ ဂြိုဟ်တုချိတ်ဆက်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပြီး စမတ်နာရီတွေမှာ သွေးပေါင်ချိန်အင်္ဂါရပ်ကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ပြောကြားထားပါတယ်။

စမတ်နာရီတွေမှာ Apple Watch Ultra ဗားရှင်းအသစ်ပုံစံ ယူဆောင်လာဖွယ်ရှိပြီး အဲဒီလုပ်ဆောင်ချက်က သုံးစွဲသူတွေကို ဆယ်လူလာ ဒါမှမဟုတ် အင်တာနက်ချိတ်ဆက်မှု မလိုအပ်ဘဲ မက်ဆေ့ချ်တွေ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ Apple ဟာ ၂၀၂၂ ခုနှစ်ကတည်းက iPhone တွေကနေတစ်ဆင့် ဂြိုဟ်တုဆက်သွယ်ရေးကို စတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလမှာ iPhone ဆက်သွယ်ရေးဝန်ဆောင်မှုတွေ တိုးချဲ့မှုအတွက် ရန်ပုံငွေအဖြစ် ဂြိုဟ်တုပံ့ပိုးပေးသူ Globalstar မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပါတယ်။

Apple ဟာ ထုတ်ကုန်အသစ်မှာ ကျန်းမာရေးကို အဓိကထားလုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေကို ထည့်သွင်းဖို့ ဆောင်ရွက်နေတာဖြစ်ပြီး အခြားဆေးဘက်ဆိုင်ရာအင်္ဂါရပ်တွေကိုလည်း အဓိကထား ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ Apple ကုမ္ပဏီက ပြောကြားထားပါတယ်။