ငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က Sky Villa အဆောက်အဦကို ရှင်းလင်းမှုတွေ ဆောင်ရွက်နေရာမှာ ငွေကျပ် သိန်း (၂၀၀) ကျော် နဲ့ ရွှေထည်ပစ္စည်းတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မေ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က စက်ယန္တရားတွေနဲ့အတူ ဖယ်ရှားရှင်းလင်းမှုတွေ ဆောင်ရွက်ရာမှာ မေ ၂၂ ရက်က (B) အဆောင်၊ အခန်းအမှတ် (I-9) ကနေ ငွေကျပ် (၁၇၅) သိန်းကျော်၊ နိုင်ငံခြားငွေ ၆၅ ရွက်၊ ယာဉ်မောင်း လိုင်စင် တစ်ခု၊ I phone တစ်လုံး၊ နာရီ ၂ လုံး၊ AGD ဘဏ်စာအုပ် တစ်အုပ်၊ ကမ္ဘောဇဘဏ် စာအုပ် ၂ အုပ်၊ ပလက်တီနမ် ဆွဲကြိုး ၂ ကုံး၊ ဟန်ချိန်း တစ်ခုတို့ကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကို ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ (B) အဆောင်၊ အခန်းအမှတ်မသိကနေ မီးခံသေတ္တာတစ်လုံး၊ မြန်မာငွေကျပ်သိန်း (၇၀)၊ ရွှေ ဟန်ချိန်း ၂ ခု၊ ရွှေဆွဲကြိုး ၃ ကုံး၊ ရွှေနားဆွဲ ၆ ရံ၊ ရွှေဆွဲသီး ၅ ခု၊ ရွှေလက်ကောက် ၁ ခု၊ ရွှေဖီချူး ၁ ခု၊ ရွှေလက် စွပ် ၈ ကွင်း၊ ကျောက်ပါ နားကပ် ၁ ရံ၊ ကားအုံနာဘုတ်တစ်အုပ် နဲ့ စာရွက်စာတမ်းတွေ ထပ်မံ တွေ့ခဲ့ရပြီး ပစ္စည်း လက်ခံလွှဲပြောင်းရေးအဖွဲ့ကို ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်ထိ မန္တလေးငလျင်ကြီးကြောင့် Sky Villa ကွန်ဒို ပြိုကျပျက်စီးမှုမှာ အသက်ရှင်သူ ၅၂ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၁၀၀ ကျော် ရှာဖွေထားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။