မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က Sky Villa အဆောက်အဦကို ရှင်းလင်းမှုတွေ ဆောင်ရွက်နေရာမှာ ဇွန်လ ၁၁ ရက်က မြန်မာငွေကျပ်သိန်း (၁၆၀)ကျော်၊ တရုတ်ယွမ်ငွေ တစ်သိန်းကျော်၊ လက်ဝတ်ရတနာတွေနဲ့ ဘဏ်စာအုပ်တွေကို ထပ်မံ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ မီး သတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က စက်ယန္တရားတွေနဲ့အတူ ကျန်ရှိရုပ်အလောင်းတွေကို ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ B အဆောင် အခန်း အမှတ် W- 5 ကနေ မြန်မာငွေကျပ် သိန်း (၁၆၀) ကျော်၊ တရုတ်ငွေ (၁၀၀)တန် (၁၀၁)ရွက်၊ ပုလဲလည်ဆွဲ(၁)ကုံး၊ ပုလဲလက်ပတ်(၁)ခု၊ ဖီချူး(၁)ခု၊ ကျောက်လက်ပတ် (၁)ခု၊ ကျောက်ဆွဲသီး(၂)ခု၊ ပလက်တီနမ်ဆွဲကြိုး (၁)ကုံး၊ ကျောက်လက်ပတ် အပြတ်(၁)ခု၊ နာရီ (၁)လုံး၊ မှတ်ပုံတင် (၁)ခု၊ စမတ်ကဒ်(၂)ခု၊ Covid ကာကွယ်ဆေးထိုးလက်မှတ် (၁)ခု၊ Passport(၁)အုပ်၊ ဘဏ်စာအုပ်(၁)အုပ်နဲ့ စာရွက်စာတမ်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။တွေ့ရှိတဲ့ ငွေကြေးတွေနဲ့ လက်ဝတ်ရတနာတွေ၊ စာရွက်စာတမ်းတွေကို ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကတစ်ဆင့် ပိုင်ရှင်ဖြစ်သူထံ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။