ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်တဲ့ သီလဝါ ၊ ယုဇနအပိုင်း(၃) ၊ ရိုးမရိပ်သာနဲ့ ကျန်စစ်မင်းအပိုင်း (၁) အိမ်ရာတွေမှာရှိတဲ့ တိုက်(၇)လုံး၊ အခန်း ၂၄၉ ခန်းကို အတိုးနှုန်း သက်သာ တဲ့ အိမ်ရာချေးငွေနဲ့ ရောင်းချမယ်လို့ သိရပါတယ်။ အဲဒီအခန်းတွေကို အတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေ စနစ်နဲ့ ချိတ်ဆက်ပြီး ဇွန်လမှာ ရောင်းချသွားမှာ ဖြစ်ပါ တယ်။သီလဝါအိမ်ရာမှာ အကျယ်အဝန်း ၆၄၀ စတုရန်းပေ တစ်ခန်းကို အနည်းဆုံး ကျပ် ၃၉၅ သိန်းကနေ အများဆုံး ကျပ်သိန်း ၅၁၀ နဲ့ ရောင်းချမှာဖြစ်ပြီး အကျယ်အဝန်း ၄၀၀ စတုရန်းပေနဲ့ ၄၄၀ စတုရန်းပေ အခန်းတွေကို အများဆုံး ကျပ်သိန်း ၃၄၀ ကနေ အနည်းဆုံး ကျပ်သိန်း ၂၃၀ နဲ့ ရောင်းချမယ်လို့ ဆိုပါတယ်။

အလားတူ ယုဇနအိမ်ရာအပိုင်း(၃)မှာ အကျယ်အဝန်း ၄၃၅ စတုရန်းပေ တစ်ခန်းကို အများဆုံး ကျပ်သိန်း ၃၆၀ ကနေ အနည်းဆုံး ကျပ်သိန်း ၂၇၀ နဲ့ ရောင်းချသွားမှာပါ။ရိုးမရိပ်သာအိမ်ရာမှာတော့ ၄၆၈ စတုရန်းပေ တစ်ခန်းကို အများဆုံး ကျပ် ၃၂၀ ကနေ အနည်းဆုံး ကျပ် သိန်း ၁၇၀ နဲ့ရောင်းမှာဖြစ်ပြီး ၄၈၄ စတုရန်းပေနဲ့ ၅၂၂ စတုရန်းပေ ရှိတဲ့ အခန်းတွေကို အများဆုံး ကျပ် ၃၄၀ ကနေ အနည်းဆုံး ကျပ် သိန်း ၁၉၀ ၊ ၃၂၄ စတုရန်းပေ တစ်ခန်းကို အများဆုံး ကျပ်သိန်း ၂၀၀ ကနေ ကျပ်သိန်း ၁၂၀ နဲ့ ရောင်းချမယ်လို့ သိရပါတယ်။ကျန်စစ်မင်းအိမ်ရာ စီမံကိန်း အပိုင်း (၁) မှာတော့ အကျယ်အဝန်း ၃၂၄ စတုရန်းပေတစ်ခန်းကို အများဆုံး ကျပ် သိန်း ၂၉၀ ၊ အနည်းဆုံး ကျပ်သိန်း ၂၀၀ နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေး အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှာ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နဲ့ အထက် ပြည့်မီအောင် စုဆောင်းထားသူ ၂၀၂၀ ရှိပြီး အဲဒီသူတွေက အခန်းတွေကို စာရင်းပေးသွင်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။စာရင်းပေးသွင်းတာကို ဇွန်လ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း စာရင်းပေးသွင်းရမှာဖြစ်ပြီး အခန်းတွေကို မဲနှိုက် ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခန်း မဲနှိုက်တာကို ဇွန်လ ၂၇ ရက်မှာ ဆောင်ရွက်မှာဖြစ်ပြီး အခန်း ဝယ်ခွင့်ရရှိသူက အိမ်ရာချေးငွေကို မဖြစ်မနေ ချေးယူရမယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ထုတ်ပြန်ထား ပါတယ်။