လက်ရှိအချိန်ထိ စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော်တို့မှာ ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ အဆောက်အအုံ နှစ်သောင်း လောက်ကို စစ်ဆေးခဲ့ရာ ပြန်လည်အသုံးပြုနိုင်တဲ့ အဆောက်အအုံ ၇၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ငလျင်ကော်မတီက ထုတ်ပြန်တဲ့ အင်အားပြင်းငလျင်နဲ့ ပတ်သက်တဲ့ အ သိပေး ထုတ်ပြန်ချက် အမှတ်စဉ်(၅) မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ငလျင်ကော်မတီအနေနဲ့ ငလျင်ဒဏ်ခံ အဆောက်အအုံတွေကို စစ်ဆေးနိုင်ဖို့အတွက် လုပ်အားပေးလို တဲ့ အင်ဂျင်နီယာတွေကို ဖိတ်ခေါ်ကာ Earthquake Clinic တွေကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့ မြို့ကြီးတွေမှာ ဧပြီ ၉ ရက်က စတင်ဖွဲ့စည်းခဲ့တာပါ။လက်ရှိအချိန်ထိ Earthquake Clinic ရဲ့ လုပ်အားပေး အင်ဂျင်နီယာတွေက စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်မှာ စစ်ဆေးခဲ့တဲ့ ငလျင်ဒဏ်သင့် အဆောက်အအုံ စုစုပေါင်း နှစ်သောင်းလောက်ရှိပြီ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။စစ်ဆေးချက်တွေအရ ပြန်လည်အသုံးပြုနိုင်တဲ့ အဆောက်အအုံ စုစုပေါင်း ၁၄၆၀၄ လုံး (၇၅ ရာခိုင်နှုန်း)၊ အသေးစိတ် စစ်ဆေးဖို့ လိုအပ်တဲ့ အဆောက်အအုံ စုစုပေါင်း အလုံး ၃၀၀၀ (၁၅ ရာခိုင်နှုန်း)နဲ့ အကြီးစား ပြန်လည် ပြင်ဆင်ဖို့နဲ့ ပြန်လည်မွမ်းမံဖို့ လိုအပ်တဲ့ အဆောက်အအုံ စုစုပေါင်း ၁၉၅၄ လုံး (၁၀ ရာခိုင်နှုန်း) ရှိတယ်လို့ ထုတ် ပြန်ချက်အရ သိရပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေကို ပြန်နေထိုင်ဖို့ သင့်မသင့် စစ်ဆေးခဲ့ရာ မန္တလေးနဲ့ စစ်ကိုင်း မှာ နေထိုင်ဖို့သင့် (အစိမ်းရောင်အဆင့်) အဆောက်အဦ များပြီး နေပြည်တော်မှာ နေထိုင်ဖို့ မသင့် (အနီရောင် အဆင့်) များတာကို တွေ့ရကြောင်း ငလျင်ဘေးဒဏ်သင့် လျော့ပါးရေး ပူးပေါင်းပါဝင်ဆွေးနွေးပေး ဟောပြောပွဲမှာ မြန်မာ နိုင်ငံငလျင်ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောကြားထားပါတယ်။