ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံအမှတ်(၅၄)ကို ကျပ် ၂၉၇ ဘီလီယံနဲ့ တတိယအကြိမ် လေလံ တင် ရောင်းချသွားဖို့ ကမာရွတ်ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက One News ကို ပြောပါ တယ်။

ခြံအမှတ်(၅၄)ကို ဒုတိယအကြိမ် လေလံကြမ်းခင်းဈေး ကျပ် ဘီလီယံ ၃၀၀ ကနေ ကျပ် ဘီလီယံ ၂၉၀ နဲ့ လေလံ တင် ရောင်းချဖို့အတွက် ဦးအောင်ဆန်းဦးဘက်က တရားရုံးကို တင်သွင်းမှုအပေါ် ကျပ် ၂၉၇ နဲ့ လေလံတင် ရောင်း ချဖို့ ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်းမှာ တရားရုံးက သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ လေလံတင်ရောင်းချမှုကိုတော့ လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ ခြံအမှတ်(၅၄)မှာပဲ ပြုလုပ်ဖို့ တရားရုံး က ဆုံးဖြတ်ထားပြီး ဖေဖော်ဝါရီ ၆ ရက်မှာ တရားရုံးကို အစီရင်ခံစာ ပြန်သွင်းရမှာ ဖြစ်တယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက ပြောပါတယ်။

ခြံအမှတ်(၅၄)ကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က ကျပ် ၃၁၅ ဘီလီယံနဲ့ ပထမအကြိမ် လေလံတင် ရောင်းချခဲ့ရာ ဝယ်သူ မရှိခဲ့သလို ဩဂုတ် ၁၅ ရက်ကလည်း ကျပ်ဘီလီယံ ၃၀၀ နဲ့ ဒုတိယအကြိမ် လေလံတင် ရောင်းချခဲ့ရာမှာ ဝယ်တဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက်နဲ့ ခြံအမှတ်(၅၄) ဟာ ဧရိယာအနေနဲ့ ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။