အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်ဒေသတွေ ဖြစ်တဲ့ မြဝတီ၊ ဘုရားသုံးဆူ၊ ရွှေကုက္ကိုလ်နဲ့ တာချီလိတ် နယ်စပ်မြို့တွေကို ထိုင်းနိုင်ငံဘက်က ဖေဖော်ဝါရီ ၅ ရက်ကစပြီး လျှပ်စစ်မီး ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်တလောမှာ ထိုင်းဘက်ကပေးတဲ့ လျှပ်စစ်မီးကို မှီခိုနေရတဲ့ အဲဒီနယ်စပ်မြို့တွေမှာ နေထိုင်တဲ့ ဒေသခံတချို့မှာ အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။

အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် က တုံ့ဆိုင်းမနေဘဲ နယ်စပ်ကို ချက်ချင်း လျှပ်စစ်မီး ဖြတ်တောက်ဖို့ ကာကွယ်ရေးဝန်ကြီးကို ညွှန်ကြားလိုက်ပြီး နောက်ပိုင်း အခုလို လျှပ်စစ်မီးကို စတင် ဖြတ်တောက်လိုက်တာပါ။လျှပ်စစ်မီးဖြတ်တောက်လိုက်ချိန်မှာ နယ်စပ်ဒေသတွေမှာ မီးစက်နဲ့အသုံးပြုဖို့အတွက် စက်သုံးဆီဝယ်ယူ ရရှိရေး မှာလည်း အခက်အခဲရှိနေပါတယ်။ အဲဒီအပြင် အောက်စီဂျင်အသုံးပြုနေရတဲ့ ဝေဒနာရှင်တွေအတွက် အောက်စီ ဂျင်ရရှိရေး အခက်အခဲဖြစ်ပေါ်နေသလို လျှပ်စစ်မီးကို အားထားနေရတဲ့ ကုန်ထုတ်လုပ်ငန်းအများစုမှာလည်း အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ဘုရားသုံးဆူနယ်စပ်က ဒေသခံတစ်ဦးက ပြောပါတယ်။

အွန်လိုင်းငွေကြေး လိမ်လည်တဲ့လုပ်ငန်းတွေမှာ မီးစက်၊ ဆိုလာနဲ့ ပါဝါစတေရှင် စတာတွေ အသုံးပြုတာတွေ ရှိတဲ့ အတွက် ခုလိုလျှပ်စစ်မီးဖြတ်တောက်တာဟာ ဒီလုပ်ငန်းအပေါ် ရိုက်ခတ်မှု အနည်းငယ်သာရှိနိုင်တယ်လို့ ဒေသခံ တချို့က သုံးသပ်ပါတယ်။လတ်တလောမှာတော့ လာအိုဘက်ကနေ လျှပ်စစ်မီးဝယ်ယူအသုံးပြုနေတဲ့ တာချီလိတ်မြို့မှာတော့ လာအိုကနေ လျှပ်စစ်ကို တိုးမြှင့်ဝယ်ယူကာ အစားထိုးသုံးစွဲဖို့ ပြင်ဆင်နေတယ်လို့ တာချီလိတ် ဒေသခံတစ်ယောက်က ပြောပါတယ်။

မြဝတီမြို့မှာတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် မြန်မာအစိုးရကပေးတဲ့ လျှပ်စစ်မီးရော ထိုင်းဘက်ကပေးတဲ့ လျှပ်စစ်မီးပါ မရရှိတဲ့အခြေအနေတွေရှိတဲ့အတွက် အရင်ကတည်းက ဆိုလာ နဲ့မီးစက်တွေကိုသာ အသုံးပြုနေကြတာကြောင့် ခုလို မီးဖြတ်လိုက်တာဟာ မြို့ခံတွေအပေါ် မထိခိုက်ဘူးလို့ မြဝတီ ဒေသခံတွေက ပြောပါတယ်။ လျှပ်စစ်မီးဖြတ်တောက်ခံရတာကြောင့် လျှပ်စစ်ဖြန့်ဖြုးတဲ့ ပုဂ္ဂလိကကုမ္ပဏီ တွေမှာလည်း ထိခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။