မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ လွှတ်တော်အဆောက်အဦတွေကို စနစ်တကျနဲ့ အမြန်ဆုံး ပြုပြင်တည်ဆောက်သွားဖို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြား လိုက်ပါတယ်။မေလ ၂၅ ရက်က လွှတ်တော်အဆောက်အဦတွေ ပြန်လည်ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ တွေကို လိုက်လံ ကြည့်ရှုစစ်ဆေးရာမှာ အခုလို မှာကြားလိုက်တာပါ။

ပြင်ဆင်တဲ့လုပ်ငန်းတွေကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ဖို့နဲ့ ရေရှည်တည်တံ့ပြီး ခိုင်ခိုင်မာမာ ဖြစ်စေဖို့အတွက် အရည်အသွေးပြည့်မီတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို အသုံးပြုဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။မတ်လ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ လွှတ်တော်အမှတ်(၁)ဂိတ်အဝင်နဲ့ ကြိုးတံတားမုခ်ဦး၊ ပြည်ထောင်စုလွှတ်တော် အဆောက် အအုံ၊ ပြည်သူ့လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ခန်းမဆောင်နဲ့ အမျိုးသားလွှတ်တော် အဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။