MNDAA နဲ့ TNLA အဖွဲ့တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပြီး AA အဖွဲ့ကိုလည်း အကြမ်းဖက်အဖြစ် ပြန်လည်ကြေညာလိုက်တယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စက်တင်ဘာ ၂ ရက်မှာ အမိန့် ကြော်ငြာစာတွေ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆ ၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

MNDAA နဲ့ TNLA အဖွဲ့တို့ဟာ အများပြည်သူ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်နဲ့ အများပြည်သူ ဒါမှမဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကိုဖြစ်စေ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းကိုဖြစ်စေ ထိခိုက်ဆုံးရှုံးစေဖို့ ပြုလုပ်မှုတွေ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
AA လက်နက်ကိုင်အဖွဲ့ကိုလည်း ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတာကနေ ပြန်လည်ရုပ်သိမ်းထားတာကို ပယ်ဖျက်ပြီး အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်တယ်လို့လည်း အမိန့် ကြော်ငြာစာ ထုတ်ပြန်ထားပါတယ်။