တရားရုံးတွေအနေနဲ့ အမှုတွေကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာစစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင် ရွက်ဖို့လိုတယ်လို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးကပြောပါတယ်။
ဩဂုတ် ၁၉ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ကျင်းပတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်တွေရဲ့ ညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့တာပါ။

တရားရုံးကဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေးစနစ်ဟာ အချိန်တိုအတွင်း အမှုတွေပြီးပြတ်သွားတဲ့အတွက် တရားမမှုတွေမှန်မှန်ကန်ကန်နဲ့ မြန်ဆန်စွာပြီးပြတ်ရေးကို များစွာအထောက်အကူဖြစ်စေတယ်လို့လည်း ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးကပြောပါတယ်။
လူ့အဖွဲ့အစည်းအတွင်း မနှစ်မြို့ဖွယ် မုဒိမ်းမှုတွေ၊ လူသတ်မှုတွေစတဲ့ ကြီးလေးတဲ့ပြစ်မှုကျူးလွန်သူတွေအပေါ်မှာလည်း ထိရောက်တဲ့ပြစ်ဒဏ်တွေချမှတ်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် သီးသန့်တရားရုံးနဲ့ ရုံးထိုင်စစ်ဆေးနေတဲ့ အမှုတွေကိုလည်း ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာစစ်ဆေးပြီးပြတ်ရေး ဆောင်ရွက်ရမှာဖြစ်ပြီး သက်သေခံပစ္စည်းတွေ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး တရားရုံးတွေက မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ်ဖို့လိုအပ်တယ်လို့လည်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေးကပြောကြားခဲ့ပါတယ်။