PDFေတွအပါအဝင် လက်နက်ကိုင်အုပ်စုတွေအနေနဲ့ နိုင်ငံအကျိုးနဲ့ ဒေသအကျိုးကို ဖော်ဆောင်လိုတဲ့ ဆန္ဒရှိရင် နီးစပ်ရာတပ်စခန်းတွေနဲ့ ဒေသအာဏာပိုင်တွေကို ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်ခေါ်လိုက်ပါတယ်။လက်နက်ကိုင်အုပ်စုတွေအနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကို မျှော်မှန်းပြီး ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ကာ အစိုးရ ၊ တပ်မတော်တို့နဲ့လက်တွဲပြီး နိုင်ငံအကျိုးနဲ့ ဒေသအကျိုးကို ဖော်ဆောင်မယ်ဆိုရင် အစိုးရရော တပ်မတော်ကပါ ကြိုဆိုလက်ခံမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းဖို့ကြိုးပမ်းတာက နှစ်ပေါင်း ၇၀ကျော်ကြာလာပေမယ့် ရလဒ်မထွက်တဲ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့တာကို သင်ခန်းစာယူပြီး လက်နက်ကိုင်အုပ်စုတွေအနေနဲ့ မိမိတို့ ဒေသတွင်း တည်ငြိမ်အေးချမ်းပြီး ပညာရေး ကျန်းမာရေး နဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ထောက်ထားကာ ရွေးကောက်ပွဲ လမ်းကြောင်းမှာ ပူးပေါင်းပါဝင်မှသာ မျှော်မှန်းထားတဲ့ပန်းတိုင်ကို ရောက်ရှိမှာဖြစ်တယ်လို့ ပြောထားပါတယ်။လက်နက်ကိုင်လမ်းစဉ်ကြောင့် လူငယ်လူရွယ်အများအပြား အသက်ဆုံးရှုံးကြရပြီး မျှော်မှန်းတည်ဆောက်နေတဲ့ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နေပြီး နိုင်ငံတော်အစိုးရ ၊ တပ်မတော်နဲ့ မျှော်မှန်းချက်တူညီပြီး ရွေးကောက်ပွဲလမ်းကြောင်းကို ဝင်ရောက်မယ့်နိုင်ငံရေးပါတီ ၅၄ ပါတီ ရှိနေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို လျှောက်လှမ်းဖို့အတွက် တံခါးဝဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဖြစ်တာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမယ်ဆိုရင် နိုင်ငံအတွက်အကျိုးမရှိဘဲ ဒီမိုကရေစီနောက်ပြန်သွားနေသလိုသာ ဖြစ်နေမယ်လို့ ဆိုပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးတို့ဟာ ကျင်းပဖို့ရှိနေတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် လွှတ်တော်၊ အစိုးရတို့နဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။