ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် ( OWIC ) ထုတ်ပေးတာကို ခေတ္တရပ်ဆိုင်းထားရာကနေ မတ် လ ၂၀ ရက်နေ့ကစပြီး ပြန်ထုတ်ပေးတော့မယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြည်ပနိုင်ငံတွေကို အလုပ်လုပ်ဖို့ထွက်ခွာမယ့်သူစာရင်းစိစစ်တာ ၊ OWIC ကတ် ထုတ်ပေးတဲ့ စက် တွေမှာ တပ်ဆင်ထားတဲ့ Software တွေ ပြုပြင်တာနဲ့ OWIC ကတ် ထုတ်ပေးတဲ့ စင်တာတွေမှာ တစ်နေရာတည်း ပေါင်းစည်းတာ ၊ အလုပ်ရှင်အလုပ်သမား စာချုပ်ချုပ်ဆိုတဲ့နေရာတွေကို တစ်စုတစ်စည်းတည်းဖြစ်အောာင် ပြင်ဆင်တာ စတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့တာကြောင့် OWIC ကတ်ထုတ်ပေးတာ ခေတ္တရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် မတ်လ ၂၀ ရက်ကစပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြထားတဲ့ အတည်ပြုပြီး အလုပ်ခေါ်စာတွေ အရ ပြည်ပမှာ အလုပ်သွားလုပ်ဖို့အတွက် ခွင့်ပြုချက်ရပြီးသူတွေ နဲ့ မိမိအစီအစဉ် (ကျွမ်းကျင်) နဲ့ သွားရောက် မယ့်သူတွေကို စိစစ်ပြီး ပြန်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတွေအနေနဲ့ OWIC ကတ် ထုတ်ယူရရှိမှသာ လေယာဉ် လက်မှတ်ဝယ်ယူတာကို ဆောင်ရွက်ကြဖို့ကိုလည်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဒါ့အပြင် PJ နိုင်ငံကူးလက်မှတ်နဲ့ OWIC လက်ဝယ်ရှိသူတွေအနေနဲ့ အေဂျင်စီအစီအစဉ် ဒါမှမဟုတ် ကျွမ်းကျင်လုပ်သားတွေအနေနဲ့ မိမိအစီအစဉ် ဒါမှမဟုတ် ခွင့်ပြန်လာပြီးခွင့်ရက်စေ့လို့ ပြည်ပနိုင်ငံတွေကို ပြန်လည်ထွက်ခွာမယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကို လူကိုယ်တိုင်သွားဖို့မလိုတော့ပဲ သတ်မှတ်စာရွက်စာတမ်းတွေနဲ့အတူ အွန်လိုင်းကတစ်ဆင့် လျှောက်ထားပြီး ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ခွင့်ပြုချက်ရယူရမယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အဲဒီလို အွန်လိုင်းကနေ ခွင့်ပြုချက်ထုတ်ပေးတာတွေကို မတ်လ ၁၇ ရက်နေ့က စတင်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ပြည်ပကိုသွားရောက်အလုပ်လုပ်ဖို့အတွက် ခွင့်ပြုတဲ့စာရင်းတွေကို Safe Migration Telegram Channel မှာ ကြေညာပေးမှာဖြစ်ပြီး သက်ဆိုင်ရာလေဆိပ်တွေကိုလည်း ပေးပို့ထားမယ်လို့ ထုတ်ပြန်ပါတယ်။