မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အနေနဲ့ ထုတ်လွှင့်လိုက်တဲ့အစီအစဉ်တွေဟာ လူအများစိတ်ဝင်စားပြီး လွယ်လွယ်ကူကူသိရှိမှတ်သားစေနိုင်မယ့်အစီအစဉ်တွေဖြစ်ဖို့လိုတယ်လို့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။ဖေဖော်ဝါရီ၁၅ရက်က နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးချုပ်မှာ ကျင်းပတဲ့ မြန်မာ့ပသံနှင့်ရုပ်မြင်သံကြားရဲ့ (၇၉)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အခုလိုပြောကြားလိုက်တာပါ။

နိုင်ငံတကာသတင်းထုတ်လွှင့်မှုတွေကို လေ့လာပြီး မိမိတို့ရဲ့အားနည်းချက်တွေကို အားသာချက်တွေအဖြစ်တိုးတက်အောင် ဆက်လက်ဆောက်ရွက်သွားရမယ်လို့လည်း ဆိုပါတယ်။မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေနဲ့ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေနဲ့အညီ လိုက်ပါအသုံးပြုပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အမြင်သစ်၊ အသွင်သဏ္ဌာန်အသစ်တွေနဲ့ ဖန်တီးထုတ်လုပ်ပြီး ဆန်းသစ်တင်ဆက်နိုင်အောင် ကြိုးပမ်းသွားကြဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားခဲ့ပါတယ်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို ၁၉၄၆ခုနှစ် ဖေဖော်ဝါရီ၁၅ရက်မှာ ရန်ကုန်ရေဒီယို(Rangoon Radio)ဆိုတဲ့နာမည်ကနေ ဗမာ့အသံ(Burma Broadcasting Services-BBS)ဆိုတဲ့နာမည်ကိုပြောင်းပြီး စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။