မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်တဲ့ မြန်မာကြူအာ(MMQR)ကို စတင်အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောပါတယ်။ အဲဒီ MMQR စတင်အသုံးပြုခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို နစက ဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားရာမှာ မြန်မာနိုင်ငံ အမျိုးသားစံသတ်မှတ်ချက်တွေနဲ့ အညီ ဆောင်ရွက်ထားတဲ့ လျင်မြန်လွယ်ကူစွာ ငွေပေးချေနိုင်တဲ့ နိုင်ငံတော်အဆင့် QR ကုတ်စနစ် MMQR ကို နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ အများပြည်သူတွေအနေနဲ့ စတင် အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။MMQR ကို အသုံးပြုပြီး ငွေပေးချေမှုနဲ့ အခွန်အခနဲ့ မီတာပေးဆောင်တာ၊ နိုင်ငံ့ဝန်ထမ်းတွေ လစာပေးတာ၊ ပင်စင် ထုတ်ပေးတာ၊ ခရီးသွားလုပ်ငန်း၊ အသေးစား စီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံတွေ၊ ကျောင်းတွေနဲ့ လူသုံးကုန်ပစ္စည်း ရောင်းချတာ စတဲ့ စီးပွားရေးလုပ်ငန်း စုံစုံလင်လင်မှာ အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

မိမိတို့ နိုင်ငံမှာလည်း နိုင်ငံတော်အဆင့် စံနှုန်းတစ်ခုဖြစ်တဲ့ MMQR ကို အခုလို တည်ထောင်နိုင်တဲ့အတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ရတဲ့ ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ ငွေလွှဲပြောင်းပေးပို့မှုတွေကို အဆင်ပြေ လုံခြုံစိတ်ချစွာနဲ့ အခြားနိုင်ငံတွေ နည်းတူ ရင်ပေါင်တန်း ဆောင်ရွက်လာနိုင်တော့မှာ ဖြစ်တယ်လို့ လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။အဲဒီနောက်မှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် ငွေပေး ချေမှုအတွက် MMQR နဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ရှင်းလင်း တင်ပြခဲ့ပါတယ်။MMQR အသုံးပြုဖို့အတွက် အက်ပလီကေးရှင်း သီးသန့် Download ထပ်လုပ်စရာမလိုဘဲ မိမိလက်ရှိအသုံးပြု နေတဲ့ ဒါမှမဟုတ် အသုံးပြုလိုတဲ့ ဘဏ်၊ မိုဘိုင်းငွေကြေးအဖွဲ့အစည်းတွေကို ဆက်သွယ်အကြောင်းကြားဖို့ပဲ လိုတယ်လို့ ဆိုပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Mobile Banking တွေနဲ့ Mobile Wallet အများစုကလည်း MMQR ကို Certified ဖြစ်ထားပြီးဖြစ်တဲ့အတွက် အလွယ်တကူအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။