သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ခရီးသွားတွေလာရောက်လည်ပတ်လိုတဲ့ ဒေသတွေဖြစ်စေရေးအတွက် သန့်ရှင်းသာယာလှပပြီး ပန်းပေါင်းဝေဆာတဲ့ဒေသတွေဖြစ်ရေး ဆောင်ရွက်ကြစေလိုတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
အောက်တိုဘာ၂၁ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကအခုလို ပြောကြားလိုက်တာပါ။
အခုအခါ ပွင့်လင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားတွေများပြားလာမှာဖြစ်တာကြောင့် ခရီးသွားတွေလာရောက်လည်ပတ်လိုတဲ့ ဒေသတွေဖြစ်စေရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်းနဲ့ အလားတူဒေသအလိုက် ထုတ်ကုန်ပစ္စည်းတွေကို အဆင့်မီစွာထုတ်လုပ်နိုင်ရေးဆောင်ရွက်ကြဖို့လိုသလို တည်းခိုတဲ့ဟိုတယ်တွေ၊ တည်းခိုခန်းတွေသန့်ရှင်းမှုရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်ဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် တစ်နှစ်လုံးမှာ မြန်မာနိုင်ငံကို ပြည်ပခရီးသွား ၁ ဒသမ ၃ သန်းနီးပါးဝင်ရောက်ခဲ့ပြီး အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း ပြည်ပခရီးသွား ၀ ဒသမ ၆ သန်း ဝင်ရောက်ခဲ့တယ်လို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကနေသိရပါတယ်။