ကယားပြည်နယ်၊ လောပိတမြို့ရှိ ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အမြန်ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်နေတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ကနေသိရပါတယ်။
ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံထဲကို စက်တင်ဘာလ(၃၀)ရက်နေ့က ရေစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ(၆)ရက်နေ့မှာ အရင်ကထက် ၆ လက်မခန့်လောက်ကျဆင်းခဲ့ကာ ရေထပ်မံကျဆင်းစေဖို့နဲ့ စက်ရုံအမြန်ပြန်လည်လည်ပတ်နိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
လက်တလောမှာတော့ စက်ရုံအတွင်း ရေဝင်ရောက်မှုကာကွယ်ထားရှိမှုတွေ၊ စက်ရုံအတွင်း ရေတွေစုပ်ထုတ်ပေးတာတွေနဲ့ စက်ရုံနဲ့စက်ရုံဝင်းအတွင်း ရေကျဆင်းစေဖို့ ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် ရေလွှမ်းမိုးမှုလျှော့ချနိုင်ဖို့အတွက် အမှတ်(၁)စက်ရုံကနေ အမှတ်(၂)စက်ရုံတို့အကြား ဆက်သွယ်ထားတဲ့ ကွန်ကရစ်ရေမြောင်းကို ယာယီဖောက်ချပြီး ဘီလူးချောင်းချောင်းရိုးဟောင်းအတွင်းကို ရေလွှဲဆောင်ရွက်ထားပြီး အမှတ်(၂)စက်ရုံနဲ့ ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေဖို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ ဂြိုဟ်တုအင်တာနက်ဆက်သွယ်ရေး(Star Win)စက်တစ်စုံကိုလည်း ပေးအပ်ခဲ့တယ်လို့သိရပါတယ်။